မင်းဘူး ၆ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မင်းဘူးမြို့တွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို ၁၄ ရက် စောင့်ကြည့်မည့်စခန်းသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နှာခေါင်းစည်း အခု ၂၀၀၀ အား ယနေ့နံနက် ၁၀ နာရီက အထက(၁)ကျောင်းတွင် လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၊ အထက(၁)နှင့် အထက(၂) ရှိ Facility Quarantine ၁၄ ရက် စောင့်ကြည့်ရေးစခန်းများအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသော နှာခေါင်းစည်းအခု ၂၀၀၀ ကို မင်းဘူးမြို့၊ အမှတ် (၈၈) ခြေလျင် တပ်ရင်းမှ လာရောက်လှူဒါန်းခဲ့ရာ ဦးနွဲ့အောင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး ၁၄ ရက် စောင့်ကြည့်ရေးစခန်းရှိ ပြည်သူများနှင့် သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းဘူးမြို့ အထက(၁)နှင့် အထက(၂)တို့တွင် ယနေ့အချိန်အထိ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ လူဦးရေ စုစုပေါင်း (၁၈၄) ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ တစ်ဦးတစ်ယောက်မျှမရှိကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)


