မင်းဘူး  ၁၈  မတ်

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်  ကမ်းနီကျေးရွာတွင် သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို  ယနေ့ နံနက် ၁၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး၊ မင်းဘူးမြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းနှင့် လုပ်ငန်းအရည်အသွေး စစ်ဆေးရေး အဖွဲ့ဝင်များသည် ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ ကမ်းနီကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလ အတွင်းအချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့သည်။

 

ကမ်းနီကျေးရွာရေရရှိရေးလုပ်ငန်းမှာ အနက်ပေ ၄၀ဝ ခန့်ရှိ ၄ လက်မ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၅ဝဝဝ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ အလျား ၁ဝ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ယခုဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၁၄ ဒသမ ၅၅ သန်းဖြင့် တင်ဒါအောင်မြင်သော လင်းမြတ်မင်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

 

ယခုအခါလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်၍ လုပ်ငန်းများအားလုံးဆောင်ရွက်ပြီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၇၅ အိမ်၊ လူဦးရေ ၇၁၀ ဦးအား အကျိုးပြုသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)