မင်းဘူးဒေသ ငရုတ်စိုက်တောင်သူများ အထွက်ကောင်းပြီး ဈေးနှစ်ဆရ၍ အဆင်ပြေ

မင်းဘူး  ၁၂ ဒီဇင်ဘာ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းရွာတွင် ငရုတ်ကို တစ်ရွာလုံးက ရေသွင်းစိုက်ပျိုးကြပြီး ငရုတ်အထွက်နှုန်းများကောင်းကာ ယမန်နှစ်ကထက် တစ်ပိဿာချင်းဈေး နှစ်ဆပိုရသည့်အတွက် ကိုဗစ်ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရေတွင်းကုန်းရွာတောင်သူ ၂၀၀ ခန့်က စိုက်ပျိုးသည့်ငရုတ်သီးများကို မင်းဘူးမြို့ရှိ အဝယ်ဒိုင်များသို့ တစ်ရက်လျှင် ပိဿာချိန် ငါးထောင်ခန့် တင်ပို့ရောင်းချလျက်ရှိပြီး ယမန်နှစ်က တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ မှ ၈၀၀  အထိသာ ရောင်းခဲ့ရ သော်လည်း ယခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ်  ၁၂၀၀ မှ ၁၇၀၀ ထိ ဈေးကောင်းရလျက်ရှိသည်။

ငရုတ်ကို နယုန်လမှာ စစိုက်တယ်။  သီတင်းကျွတ်ဆို စဆွတ်လို့ရပြီ။ တစ်လကို ကြိမ်ဆွတ်တယ်။ တန် ဆောင်မုန်းလ ကနေ တပို့တွဲလအထိ ရောင်းရတာပေါ့။ ကြိမ်လောက် ဆွတ်ပြီးသွားရင် မျိုးယူဖို့ အမှည့်ထားလိုက်ကြတယ်။  တစ်ဧကကို တစ်ရာသီ အချိန် ငါးထောင်လောက်ထွက်တာပေါ့။ မနှစ်ကတော့ ပွဲရုံက မပို့နဲ့ဦးဆို မဆွတ်ရဘူး။ ဒီနှစ်တော့ တောက်လျောက်ကို ဆွတ်နေရတယ်။ မနှစ်ကထက် ဈေးနှစ်ဆ ရတယ်ဟု ရေတွင်းကုန်းရွာဒေသခံ ဒေါ်အေးကြူခိုင် က ပြောသည်။

ရေတွင်းကုန်းရွာမှ လာရောက်ရောင်းချသည့် ငရုတ်သီးများကို ခင်းထားသော မိုးကာများပေါ်သွန်၍ အအေးခံခြင်း၊ အမှည့်ရွေးကောက်ခြင်း၊ ၂၅ ပိဿာဝင် အိမ်များဖြင့်ထည့်၍ ကုန်ကားပေါ်တင်ကာ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခြင်းများ လုပ်ကိုင်ကြကြောင်း၊ ကားခမှာ ယမန်နှစ်က တစ်အိတ် ၅၅၀၀ ကျပ်ပေးရပြီး ယခုနှစ်တွင် ၆၅၀၀ ပေးရကြောင်း အဝယ်ဒိုင်မှ သိရသည်။

ရေတွင်းကုန်းဘက်က အထွက်နှုန်းကောင်းပြီး အခြားရွာတွေက ထွက်နှုန်း သုံးပုံတစ်ပုံလောက် လျော့သွားတယ်။ ကိုဗစ်ကာလ ဖြစ်ပေမယ့် ရခိုင်ဘက်ကို နေ့တိုင်းပို့ရတယ်။ ဝယ်သူပေါ်မူတည်ပြီး အိတ် ၅၀ ကနေ ၁၅၀ ထိ ပို့နေရတယ်။ ဈေးကွက်က ပစ္စည်းပေါလာရင် ဈေးနည်းနည်းကျတယ်။ ရှားသွားရင်တော့ ဈေးတက်တာပေါ့။ အရောင်းအဝယ် ဖြစ်တော့ အလုပ်သမား ၁၅ ယောက်ကို အလုပ်ပေးထားနိုင်တယ်ဟု မင်းဘူးမြို့၊ ရွာသာရွာမှ အဝယ်ဒိုင်တစ်ဦးဖြစ်သူ ဒေါ်စိန်မြ က ရှင်းပြသည်။

ရေတွင်းကုန်းရွာတောင်သူများမှာ ငရုတ်ပင်များကို ကိုယ်ပိုင်မျိုးဖြင့် ပျိုးထောင်ကြပြီး စိုက်ခင်းများတွင် တစ်လ နှစ်ကြိမ် မှ သုံးကြိမ်ထိ ရေသွင်းရသဖြင့် လက်မ ရေတွင်းများ တူးထားကြကြောင်း၊  စိုက်ပျိုးချိန်၊ ပေါင်းထိုးချိန်၊ စိုက်ခင်း ဘောင်တင်ချိန်၊ ဆေးဖြန်းချိန် နှင့် ခူးဆွတ်ချိန်တွင် အလုပ်သမားဌားရပြီး ထွက်နှုန်းနှင့် ဈေးကွက်ကောင်းသဖြင့် ကျောက်စိမ်း ငရုတ်မျိုးကို နှစ်စဉ်အားထား စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများထံ က သိရှိရသည်။

ဇေယျတု(မကွေး)