မင်းဘူး(စကု)မြို့နယ်ရှိ အထင်ကရနေရာများတွင် ဘုရားဖူးများ၊ လာရောက် လည်ပတ်သူများဖြင့် စည်ကား

မင်းဘူး ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်သည် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားများနှင့် လာရောက်အပန်းဖြေ လည်ပတ်သွားလာချင်စရာ အထင်ကရနေရာ အလွန် ပေါများပြီး ယခုကာလ မန်းရွှေစက်တော် ဘုရားပွဲတော်ရာသီ ကျင်းပချိန်ဖြစ်တာကြောင့် ဖေဖော်ဝါရီ ၁ ရက်၊ ယနေ့နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ ခရီးသွားဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများက ဘုရားဖူးရင်း အပန်းဖြေလာရောက်ခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“ဘုရားဖူးလာရောက်ကြသူများက ပါဒခြေတော်ရာနှစ်ဆူအား ရွှေသင်္ဃန်းကပ်လှူပူဇော်ခြင်း၊ ဥုပုသ်သတင်းသီလ ဆောက်တည်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ပရိတ်/ပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ နဂါးစားကျွေး၊ ငါးလွှတ်ကုသိုလ်ပြုခြင်းနှင့် မျောက်စာကျွေးမွေးကြသူများအပြင် မန်းချောင်းအတွင်း ရေချိုးအပန်းဖြေခြင်းနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသူများဖြင့် အထူး စည်ကားကြောင်း” မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဒုတိယဥက္ကဌ ဦးသိန်းလှိုင်က ပြောသည်။

ထို့အပြင် မင်းဘူး(စကု)မြို့နယ်ရှိ အထင်ကရနေရာများဖြစ်သော ရှင်ပင်စက္ကိန်းတဲစေတီတော်၊ နဂါးပွက်တောင်တော်၊ ရှင်မင်းပူးစေတီတော်၊ ရှင်ပင်ချမ်းသားကြီးစေတီတော်၊ ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းနှင့် စကုမြို့ရှိ ဘုရားကျောင်းကန် စေတီပုထိုးများ စသည့် အထင်ကရ နေရာများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်လည်ပတ်ကြသူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်ကြသူများဖြင့် စည်ကားခဲ့ပြီး မင်းဘူးမြို့အဝင် ရှု့ခင်းသာတွင်လည်း အမှတ်တရ မှတ်တမ်းဓါတ်ပုံ လာရောက်ရိုက်ကူကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)