မင်းဘူး (စကု) မြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံများ တိုးချဲ့စိုက်ပျိုး

မင်းဘူး ၊ ၁၃ ဖေဖော်ဝါရီ  

 

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ် ကျောက်တန်းကျေးရွာတွင် လယ်ယာသီးနှံများ စိုက်ပျိုးလုပ်ကိုင်ကြသော်လည်း ဆောင်းတွင်းနှင့် နွေရာသီကာလများတွင် မြေအောက်ရေဖြင့် ဟင်းသီးဟင်ရွက် သီးနှံများ စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

    

မင်းဘူး (စကု) မြို့နယ်သည် အလယ်ပိုင်း ပူပြင်းခြောက်သွေ့သော အညာဒေသတွင် ပါဝင်သော်လည်း မြို့နယ်အတွင်းရှိ ရေမျက်၊ ကျောက်တန်း၊ ရေတွင်းကုန်းစသော ကျေးရွာများသည် မြေအောက်ရေတူးဖော်ရာတွင် ရေအောင်သည့်အပြင် ရေချိုထွက်ရှိကြသဖြင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာတွင် အဆင်ပြေကြကြောင်း ကျောက်တန်းကျေးရွာ တောင်သူများထံမှ သိရသည်။

 

mdn

    

မြေအောက်ရေ တူးဖော်ရာတွင် ယခင်ကလို တုန်ကင်များ၊ မောင်းတံများ အသုံးပြုကာ ရေပုံးများဖြင့် ပက်ဖျန်းစိုက်ပျိုးခြင်း မပြုလုပ်ကြတော့ပဲ သီးနှံများကို ဧကများများ စိုက်ပျိုးကာ ရေစက်များဖြင့် ရေပိုက်များ ရေမြောင်းများ အသုံးပြု၍ ရေသွင်းစိုက်ပျိုးကြကြောင်း သိရသည်။

     

ကျောက်တန်းကျေးရွာသည် ဟင်းသီးဟင်းရွက် သီးနှံများကို တစ်ရွာလုံး စိုက်ပျိုးလုပ်ကိုင်ကြသော်လည်း တစ်ဦးနှင့် တစ်ဦး စိုက်ပျိုးကြသည့် သီးနှံများမှာ တူညီမှုမရှိကြဘဲ အချို့ကပင်မြင့် သီးနှံပင်များဖြစ်သော ငှက်ပျော၊ ဆူးပုတ်၊ ရှောက်၊ သံပုရာ၊ ဒန့်သလွန်ပင်များ စိုက်ပျိုးကြပြီး အချို့က ဘူး၊ ဖရုံ၊ ငရုတ်၊ သခွား၊ နံနံနှင့် မုံညှင်းများ စိုက်ပျိုးကြသည်။ တောင်သူများမှာ ယခုနှစ်တွင် ဟင်းသီးဟင်ရွက်သီးနှံများ တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လာကြကြောင်း ကျောက်တန်းကျေးရွာမှ တောင်သူကိုဘိုဝင်းက ပြောသည်။

 

သတင်းပေးပို့သူ  ဇေယျာထက် (မင်းဘူး)