မန်စီးတီးကို အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့သည့် ချယ်ဆီး

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနှင့် ချယ်ဆီးအသင်းတို့ ပွဲစဉ် ကို မေ ၃၀ ရက် နံနက်ပိုင်းက ပေါ်တူဂီနိုင်ငံ ပေါ်တိုရှိ Estadio Do Dragao အားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်ဆီးအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဖလားကို ဒုတိယ အကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။ ချယ်ဆီး အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၄၂ မိနစ်တွင် မောင့်၏ ဖန်တီးပေးမှုမှ တစ်ဆင့် ဟာဗက်ဇ်က သွင်းယူပေးနိုင်ခဲ့သည်။

မန်စီးတီးအသင်းသည် ယနေ့ပွဲစဉ်တွင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ရန်အတွက် အီဒါဆင်၊ ဝေါ်ကာ၊ ဆီးဗားလ်၊ ဂန်ဒိုဂန်၊ ဖိုဒင်၊ မာရက်ဇ်၊ ဒီဘရိုင်း စတာလင်း စသည့်အဓိက ကစားသမားအများစုဖြင့် ပွဲထွက်လာခဲ့သည်။ ချယ်ဆီးအသင်းကလည်း ချန်ပီယံလိဂ်ဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ရန် အတွက် အသင်းမှ အားထားရသည့် မန်ဒီ၊ ရူဒီဂါ၊ ချီဝဲလ်၊ ကန်တီ၊ မောင့်၊ ဟာဗက်ဇ် ဝါနာ စသည့်ကစားသမားများဖြင့် မန်စီးတီး အသင်းကို ရင်ဆိုင်လာခဲ့သည်။

မှတ်တမ်းသစ်ရေးထိုးရန် နှစ်သင်းစလုံး အကောင်းဆုံး ပြင်ဆင်လာသည့်အတွက် အကြိတ်အနယ်ရှိသည့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။

ယနေ့ပွဲစဉ်တွင် မန်စီးတီးအသင်းသည် ချယ်ဆီးအသင်းအပေါ် နည်းဗျူဟာပိုင်း အသာစီးရယူထား နိုင်ခဲ့သော်လည်း ဂိုးကန်သွင်းမှု၊ ဂိုးပေါက်တည့်မတ်မှုတွင် ချယ်ဆီးအသင်းက အသာရခဲ့သည်။ နည်းပြ ဂွါဒီယိုလာ၏မန်စီးတီးအသင်းသည် ယနေ့ပွဲစဉ်တွင် ချယ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ချယ်ဆီး အသင်းနှင့် တွေ့ဆုံခဲ့သည့် ပြိုင်ပွဲစုံ နောက်ဆုံးသုံးကြိမ်တွင် သုံးကြိမ်စလုံး ရှုံးနိမ့်ထားသည့် မှတ်တမ်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့သည်။

ချယ်ဆီးနည်းပြ တူချယ်နှင့် ခံစစ်ကစားသမား ဆေးဗားလ်တို့သည် ယမန်နှစ်က ပီအက်စ်ဂျီအသင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ပြီးနောက်ဆုဖလား လက်လွှတ်ခဲ့ ရသော်လည်း ယခုနှစ်ရာသီတွင် နည်းပြ တူချယ်ရော ခံစစ်ကစားသမား ဆေးဗားလ်ပါ ချယ်ဆီးအသင်း နှင့်အတူ ဆုဖလားကိုင်မြှောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နည်းပြ တူချယ်သည် ယခုနှစ်ရာသီတွင် ချန်ပီယံလိဂ်ဖလားကို ချယ်ဆီးအသင်းနှင့် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်နောက်ဆုံး သုံးကြိမ်တွင် ဂျာမန်လူမျိုး နည်းပြများကသာ ဆွတ်ခူးသည့် မှတ်တမ်းပိုင်ဆိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကလော့ပ်က လီဗာပူးအသင်းနှင့် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ဟန်စီဖလစ်က ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

ချယ်ဆီးအသင်းမှ မောင့်သည် ၂၀၀၈ ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မန်ယူအသင်းမှ ဝက်စ်ဘရေဝင်း ချယ်ဆီးအသင်းဘက်သို့ ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပြီးနောက် ဂိုးဖန်တီးမှုပြုလုပ်ပေး နိုင်သည့် ပထမဆုံး အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် ချယ်ဆီးအသင်းမှ ဂိုးသမား မန်ဒီသည် ယခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၂ ပွဲတွင် ကိုးပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင် ပေးထားနိုင်သည်။ ထို့ကြောင့် မန်ဒီသည် ၂၀၀၀-၀၁ ခုနှစ်က ဗလင်စီယာ ဂိုးသမား ကာနီဇာရက်စ်၊ ၂၀၁၅-၁၆ ခုနှစ်က ရီးရဲမက်ဒရစ်ဂိုးသမား နာဗက်စ်တို့၏ ပွဲအများဆုံး ဂိုးမပေးရအောင် စွမ်းဆောင် ထားနိုင်သည့် စံချိန်ကို လိုက်မီခဲ့သည်။

အောင်ဇော်