မန်စီးတီးက စပါးကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရပြီး ကွင်းလယ်လူ ကီဗင်ဒီဘရိုင်း ဘယ်ဒူးဒဏ်ရာရရှိခဲ့

MDN

မန်စီးတီးအသင်းသည် ပရီမီယာလိဂ်ပြိုင်ပွဲ၏ စနေနေ့ည အစောပိုင်းပွဲစဉ်အဖြစ် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဖီးလ်ဖိုဒန်၏ သွင်းဂိုး တစ်ဂိုးဖြင့် မန်စီးတီးအသင်းအန်ိုင်ရရှိခဲ့သည်။

 

အဆိုပါပွဲစဉ်တွင် မန်စီးတီးအသင်းနှင့် စပါးအသင်း တို့သည် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲကစားချိန် ၅ မိနစ်တွင်သွင်းယူခဲ့သည့် ဖီးလ်ဖိုဒန်၏ သွင်းဂိုးဖြင့် မန်စီးတီးက အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ် အနိုင်ရရှိခဲ့ခြင်းကြောင့်မန်စီးတီးအသင်းသည် အမှတ်ပေးဇယားဒုတိယနေရာက လီဗာပူးအသင်းကို ရမှတ်တစ်မှတ်ဖြတ်ထားနိုင်ခဲ့ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။

 

ယင်းပွဲစဉ်တွင် မန်စီးတီးအသင်း အနိုင်ရရှိခဲ့သော်လည်း မန်စီးတီးကွင်းလယ်ကစားသမား ကီဗင်ဒီ ဘရိုင်းမှာ ဘယ်ဒူးဒဏ်ရာရရှိခဲ့ခြင်းကြောင့် ပွဲကစားချိန် ၃၈ မိနစ်တွင် ဖာနန်ဒင်ဟိုနှင့် လူစားလဲခဲ့ရ သည်။ ကွင်းလယ်ကစားသမားဒီဘရိုင်းသည် ညာဒူး ဒဏ်ရာရရှိခဲ့ခြင်းကြောင့်လည်း ယခုနှစ် ဘောလုံးရာသီအစပထမ နှစ်လကြာ အနားယူခဲ့ရသူဖြစ်သည်။ ဒီဘရိုင်းသည် ဒီဇင်ဘာလအတွင်းက ဒဏ်ရာ မှပြန်လည်သက်သာကာ မန်စီးတီးအသင်းနှင့် ပြန်လည်ပွဲထွက်ကစားနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီတွင် ပရီမီယာလိဂ် ၁၅ ပွဲပါဝင်ကစားပေးထားသည်။

 

နည်းပြဂွာဒီယိုလာ၏ မန်စီးတီးအသင်းသည် ယခုစပါးအသင်းနှင့် ပွဲစဉ်ယှဉ်ပြိုင်ကစားပြီးနောက် ကစားရန်ပရီမီယာလိဂ် လေးပွဲကျန်ရှိနေချိန်တွင် ရမှတ် ၈၆ မှတ်ရရှိထားပြီး အမှတ်ပေးဇယား ဒုတိယနေရာက လီဗာပူး အသင်းမှာ ရမှတ် ၈၅ မှတ်ရရှိထားကြောင်း သိရသည်။

 

 

ပရီမီယာလိဂ်ပွဲစဉ်ရလဒ်များ

 

ဘုန်းမောက်  ၀ - ၁ ဖူလ်ဟမ်

ဟတ်ဒါဖီးလ် ၁ - ၂ ဝက်ဖို့ဒ်

ဝက်စ်ဟမ်း ၂ - ၂ လက်စတာ

ဝုလ်ဗ် ၀ - ၀ ဘရိုက်တန်

မန်စီးတီး ၁ - ၀ စပါး

 

နိုင်လင်းကြည်