နည်းပြဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် ပရီမီယာလိဂ်ပွဲစဉ် (၂၄) တွင် စပါးအသင်းကို တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့သည့်အတွက် အမှတ်ပေးဇယားကို ဦးဆောင်သည့်   အာဆင်နယ်အသင်းနှင့်    ရမှတ်ကွာဟမှု  ခြောက်မှတ်အထိ  ရှိသွားခဲ့ပြီဖြစ်သည်။  အဆိုပါပွဲစဉ်ကို  ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက စပါး အသင်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။

မန်စီးတီးအသင်းသည်    ချာကီ၊  ဆီမန်ညို တို့၏ သွင်းဂိုးများဖြင့်  စပါးအသင်းကို  နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း   တိုက်စစ်ကစားသမား ဆိုလန်ကီ၏ ချေပသွင်းဂိုးများ ပြန်လည်ခွင့်ပြုပေး ခဲ့ရသည့်အတွက်  တစ်ဖက်နှစ်ဂိုးစီ   သရေကျခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ပွဲအစ ပိုင်းမိနစ်များတွင် စပါးအသင်းကို ဖိအားပေးကစားနိုင်ခဲ့သော်လည်း ပွဲချိန်ကြာလာသည်နှင့်အမျှ ပြိုင်ဘက်အသင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ ယခု ပွဲစဉ်သရေကျခဲ့သည့်အတွက် စပါးအသင်းသည် နောက်ဆုံး ပရီမီယာလိဂ်ငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်။

မန်စီးတီးအသင်းက  ရမှတ် ၄၇ မှတ်ဖြင့် အဆင့်(၂) တွင် ဆက်လက်ရပ်တည်နေသည်။ ပြိုင်ဘက်စပါးအသင်းက ရမှတ် ၂၉ မှတ်ဖြင့်  အဆင့်  (၁၄)   တွင် ရပ်တည်နေသည်။  

အခြားပွဲစဉ်  ရလဒ်များတွင် ဘရန့်ဖို့ဒ်က အက်စ်တွန်ဗီလာကို တစ်ဂိုး-ဂိုးမရှိ၊ မန်ယူက ဖူလ်ဟမ်ကို  အကြိတ်အနယ်ကစားပြီး သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲအသီးသီး ရရှိခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်နှင့် ခရစ္စတယ်ပဲလေ့စ် ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။

လာမည့် ပွဲစဉ်တွင် စပါးက မန်ယူ၊ မန်စီးတီးက နယူးကာဆယ်အသင်းနှင့်  ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။     

အောင်ဇော်