မန်စီးတီး၏ သက်တမ်းတိုး စာချုပ်ကို ပယ်ချလိုက်တဲ့ ဒီဘရိုင်းနား

၅ ဇန်နဝါရီ

 

 

ကွင်းလယ်လူ ကီဗင်ဒီဗရိုင်းနားကို မန်စီးတီးက ငါးနှစ် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုဖို့ ကမ်းလှမ်း လိုက်ပေမယ့်  ကစားသမားဘက်က  ပယ်ချလိုက်ပါတယ်။ ဒီဘရိုင်းနားနဲ့ မန်စီးတီးတို့ရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ နှစ်နှစ်ခွဲ ကျန်ရှိနေသေးပေမယ့်  မန်စီးတီးက အသင်းရဲ့ အတောက်ပဆုံး ကစားသမား ဖြစ်တဲ့ ဒီဘရိုင်းနားကို  ဆုပေးတဲ့အနေနဲ့ ကာလရှည် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ထပ်မံကမ်းလှမ်း ခဲ့တာဖြစ်ပါတယ်။ 

 

 

မန်စီးတီးမှာ လက်ရှိ တစ်ပတ်လုပ်ခ ပေါင်  ၃၁၀၀၀၀ ရရှိနေတဲ့ ဒီဘရိုင်းနားဟာ မန်စီးတီး အသင်းမှာ လစာအများဆုံး ရရှိနေတဲ့ ကစားသမား ဖြစ်ပေမယ့် ကစားသမားဘက်က  သူ့အနေနဲ့  ဒီထက်လစာ ပိုမို ရရှိလိုနေခဲ့တာ ဖြစ်ပါတယ်။ မန်ယူဂိုးသမား ဒီဂေးယားက တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ နဲ့ အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်  တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀နဲ့ ယှဉ်ရင်  သူ့လစာက နည်းပါးတာကြောင့်ရော အကောင်းဆုံး ခြေစွမ်းရှိသူ တစ်ဦးအနေနဲ့ လစာလည်း အမြင့်ဆုံးရရှိဖို့ ထိုက်တန်တယ်လို့  ယူဆနေတာ ဖြစ်ပါတယ်။

 

 

ဒီဘရိုင်းနားဟာ  လက်ရှိ ဘောလုံးရာသီမှာ မန်စီးတီးအတွက်  ၁၈ ပွဲ ဝင်ရောက်ကစားပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာ ကတည်းက ပုံမှန်ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်ပြီး  ကျန်အသင်းသားတွေ ခြေစွမ်း ယိုင်နေရင်တောင်  သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပွဲစဉ်တိုင်းလိုလို  မြင်တွေ့ခဲ့ရပါတယ်။   လက်ရှိမှာ အသက် (၂၉)နှစ် ရှိနေပြီဖြစ်တဲ့ ဒီဘရိုင်းနားကို ရီးရဲလ်မက်ဒရစ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

 

 

မေလဲ့သင်း