မန်စီးတီးအသင်းကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်း လက်စတာ ဆွတ်ခူး

 

ဩဂုတ် ၉

ပရီမီယာလိဂ် ကန့်လန့်ကာအဖွင့် ကွန်မြူနတီဒိုင်းလုပွဲကို သြဂုတ် ၇ ရက် ညပိုင်းက ဝင်ဘလေ အားကစားကွင်းကြီး၌ လက်စတာအသင်းနှင့် မန်စီးတီးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ အီဟီယာနာချို၏ နောက်ကျပယ်နယ်တီသွင်းဂိုးဖြင့် မန်စီးတီးအသင်းကို အနိုင်ရရှိကာ လက်စတာအသင်း ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်သည် ပြီးခဲ့သည့်ရာသီက ပရီမီယာလိဂ်ဖလား ဆွတ်ခူးထားသည့်အသင်းနှင့် အက်ဖ်အေဖလားဆွတ်ခူး ထားသည့်အသင်းတို့ ယှဉ်ပြိုင်ရလေ့ရှိသော ပွဲစဉ်ဖြစ်သည်။

ယနေ့ပွဲစဉ်တွင် လက်စတာအသင်းသည် ရှမိုက်ကယ်၊ ဆိုယွန်ကူ၊ ဘာထရန်၊ တိုင်လီမန်းစ်၊ မက်ဒီဆင်၊ ဗာဒီ စသည့် အဓိက ကစားသမားအစုံအလင်ဖြင့် မန်စီးတီးအသင်းကို ရင်ဆိုင်လာခဲ့သည်။ မန်စီးတီးအသင်းက ဒီဘရိုင်း၊ ဖိုဒင်တို့ မပါဝင်ဘဲ စတီဖန်၊ ကန်ဆယ်လို၊ ဒီယက်စ်၊ အကီ၊ ဖာနန်ဒင်ဟို၊ ဂန်ဒိုဂန် စသည့် ကစားသမားကောင်းများဖြင့် လက်စတာ အသင်းကို ရင်ဆိုင်လာခဲ့သည်။

ပွဲချိန် ၇ မိနစ်တွင် မန်စီးတီးအသင်း အလွတ်တည်ကန်ဘောရရှိခဲ့ပြီး အသင်းကွင်းလယ်ကစားသမား ဂန်ဒိုဂန်ကန်သွင်းရာ လက်စတာဂိုးသမား ရှမိုက်ကယ် သတိကြီးစွာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သည့်အတွက် မန်စီးတီးအသင်း နစ်နာခဲ့ရသည်။ ထို့နောက် လက်စတာအသင်းကလည်း ဖိအားပေး ကစားလာနိုင်ခဲ့ပြီး မန်စီးတီးအသင်းဘက်သို့ ဂိုးကန်သွင်းခွင့်ရရှိခဲ့သည်။ သို့သော်လည်း မန်စီးတီးအသင်း ဂိုးသမား စတီဖန် လက်စွမ်းပြကာကွယ်နိုင်ခဲ့သဖြင့် လက်စတာအသင်း နစ်နာခဲ့ရသည်။

မန်စီးတီးအသင်းသည် ပွဲချိန် ၆၅ မိနစ်တွင် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသော ဂရီးလစ်ချ်ကို ထည့်သွင်းအသုံးပြုခဲ့သည်။ သို့သော်လည်း လိုအပ်နေသည့် ဂိုးများကို မြင်တွေ့ခဲ့ရခြင်း မရှိချေ။ ပွဲချိန်ပြီးခါနီးတွင် လက်စတာအသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့သည်။ အဆိုပါ ပယ်နယ်တီကို အီဟီယာနာချိုက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည့်အတွက် လက်စတာအသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိကာ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် ယနေ့ ပွဲစဉ်တွင်လက်စတာအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် နောက်ဆုံးလေးပွဲတွင် သုံးပွဲအထိ ရှုံးပွဲကြုံတွေ့လာခဲ့ပြီ ဖြစ်သည်။

လက်စတာအသင်းနှင့်မန်စီးတီးအသင်းတို့သည် ယနေ့ပွဲစဉ်တွင် တစ်ဖက်နှင့်တစ်ဖက် သိသိသာသာ အသာစီးရယူထားနိုင်ခြင်းမရှိဘဲ ခြေရည်တူ ကစားနိုင်ခဲ့သည်ကို တွေ့ရသည်။

လက်စတာအသင်းသည် ပရီမီယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် လာမည့် သြဂုတ် ၁၄ ရက်တွင် ဝုဖ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မန်စီးတီးအသင်း က ဩဂုတ် ၁၅ ရက်တွင် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်