မန်စီးတီး ကို အာဆင်နယ် ဂိုးပြတ်ရှုံးနိမ့်

ဩဂုတ် ၂၉

ပရီမီယာလိဂ်ပွဲစဉ် (၃)၏ အစောဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်ကို ဩဂုတ် ၂၈ ရက် ညပိုင်းက အီတီဟက်၌ ယှဉ်ပြိုင်ကစားရာ မန်စီးတီးအသင်းက ငါးဂိုးပြတ် အနိုင်ရရှိခဲ့သည်။

မန်စီးတီးအသင်းသည် ယနေ့ ပွဲစဉ်တွင် သာလွန်သည့် ကစားဟန်နှင့် ထက်မြက်သည့် တိုက်စစ် စွမ်းဆောင်ရည်တို့ကို ထပ်မံထုတ်ပြနိုင်ခဲ့သည်။ ပွဲချိန် ခုနစ်မိနစ်တွင် မန်စီးတီးအသင်း အဖွင့်ဂိုးရရှိခဲ့ပြီး ဂျီးဆပ်၏ ဖန်တီးမှုမှ တစ်ဆင့်ဂန်ဒိုဂန်ကသွင်းယူပေးခဲ့သည်။ မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၁၂ မိနစ်တွင် ဖာရန်တောရက်စ်က သွင်းယူပေးခဲ့သည်။ အာဆင်နယ်အသင်းသည် သွင်းဂိုးနှစ်ဂိုး ခွင့်ပြုလိုက်ရသောကြောင့် ချေပဂိုးရရှိရေး ကြိုးစားလာသော်လည်း မန်စီးတီးအသင်း၏ ထိုးဖောက်တိုက်စစ် ဆင်မှုကိုသာ ခံခဲ့ရသည်။ ပွဲချိန် ၃၅ မိနစ်တွင် အာဆင်နယ်အသင်းမှ ဆာကာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသောကြောင့် အာဆင်နယ် အသင်း တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရသည်။ ပွဲချိန်ပြီးခါနီးတွင် မန်စီးတီးအသင်း တတိယဂိုးရရှိခဲ့ပြီး ဂရီးလစ်ချ်၏ ဖန်တီးမှုမှတစ်ဆင့် ဂျီးဆပ်က သွင်းယူခဲ့သောကြောင့် ပထမပိုင်းတွင် မန်စီးတီးအသင်း သုံးဂိုး- ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း မန်စီးတီးအသင်းကသာ ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် စတုတ္ထမြောက်ဂိုးကို ရိုဒရီက သွင်းယူပေးခဲ့သည်။ ပွဲချိန် ၈၄ မိနစ် တွင် မန်စီးတီးအသင်းအတွက် ပဉ္စမမြောက်ဂိုးကို ဖာရန်တော ရက်စ်က သွင်းယူပေးခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့ သည့် နော့ဝှစ်ချ်အသင်းနှင့် ပွဲစဉ် တွင် ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားပြီး ယခုအာဆင်နယ်အသင်းနှင့် ပွဲစဉ်တွင်လည်း ငါးဂိုးပြတ် ထပ်မံအနိုင်ရရှိခဲ့သည်။ မန်စီးတီးအသင်းသည် ပရီမီယာ လိဂ်တွင် သုံးပွဲကစားထားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ခြောက်မှတ် ရရှိထားသည်။ လာမည့် ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၁ ရက်တွင် လက်စတာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်