မလှိုင်မြို့နယ်က အိမ်တွင်းလက်မှုပညာ ထန်းခေါက်တောင်းလုပ်ငန်း

မလှိုင် ၂၉  ဧပြီ 

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ရပ်ကွက်(၄)ခု ကျေးရွာအုပ်စု(၅၂)အုပ်စု ကျေးရွာပေါင်း(၂၄၇)ရွာ ရှိသည့်အနက် ကမ္ဘားဖြူကျေးရွာအုပ်စု ထန်းပင်ကောက်ကျေးရွာနှင့် ကမ္ဘားဖြူကျေးရွာတို့တွင် အိမ်တွင်းလက်မှုပညာဖြစ်သော ထန်းခေါက်တောင်းယက်လုပ်သည့် လုပ်ငန်းကို ယနေ့တိုင် လုပ်ကိုင်နေကြဆဲဖြစ်ပြီး အဆိုပါလုပ်ငန်းမှ မိသားစု ဝမ်းစာ ဖူလုံကြောင်းနှင့် မိသားစု အပိုဝင်ငွေ ရရှိကြောင်း ထန်းခေါက်တောင်း ရက်လုပ်သူများထံမှ သိရသည်။

 

1

 

ကမ္ဘားဖြူကျေးရွာနှင့် ထန်းပင်ကောက်ကျေးရွာတို့တွင် ထန်းခေါက်တောင်း ရက်လုပ်ခြင်းကို အသက်မွေးဝမ်းကျောင်းပညာအဖြစ် လက်ဆင့်ကမ်း လုပ်ကိုင်လာကြသည်မှာ ယနေ့တိုင်ဖြစ်ပြီး ထိုလုပ်ငန်းမှာ ထန်းလက်မှရရှိသည့် ထန်းလျှော်များဖြင့် ရက်လုပ်ရလေသည်။

 

ထန်းလျှော်ကို တစ်စီးလျှင် ငွေကျပ် ၄၀ဝ၀ ပေးဝယ်ယူရပြီး ထန်းလျှော်တစ်စီးလျင် လျှော်လက်အချောင်း(၁၀ဝ) ရရှိပြီး အဆိုပါလျှော်တစ်စီးလျှင် ထန်းကောက်တောင်း (၇)လုံးခန့်ထွက်ရှိကြောင်း သိရသည်။ ထန်းကောက်တောင်းယက်လုပ်ရာတွင် လျှော်စိမ်ခြင်း လျှော်သပ် လျှော်ခွာခြင်းများ ပြုလုပ်ရပြီး လျှော်ပတ်၍ တောင်းပုံစံ တောင်ဖင်တည်ရလေသည်။ တောင်ဖင်တည်ပြီးလျှင် တောင်းပတ်ရကာ တောင်းပုံစံ ကျစ်လျစ်စေရန် တောင်းခေါက်၍ တောင်းခွေတင်ခြင်း တောင်ကွတ်ခြင်းကို အဆင့်ဆင့်လုပ်ကိုင်ရသော လုပ်ငန်းဖြစ်သည်။

 

ရရှိလာသော ထန်းခေါက်တောင်းကို ကျေးရွာရှိအဝယ်ဒိုင်ကို လက်ရှိအချိန်တွင် တောင်းတစ်လုံးလျင် ငွေကျပ် ၁၆၀ဝ ကျပ်သွင်းရပြီး ထန်းကောက်တောင်းကို ပျော်ဘွယ်မြို့၊ တပ်ကုန်းမြို့၊ ရမည်းသင်းမြို့၊ မိတ္ထီလာမြို့နှင့် အခြားမြို့နယ်များသို့ ဖြန့်ချိလျက်ရှိကြောင်း သိရသည်။

 

ထန်းလက်လျှော်ဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို လုပ်ကိုင်ကြသော်လည်း ကမ္ဘားဖြူကျေးရွာနှင့် ထန်းပင်ကောက်ကျေးရွာတို့ ထန်းခေါက်တောင်းကိုသာ အဓိကထားလုပ်ကိုင်ကြပြီး ထန်းခေါက်တောင်းကို နှစ်ကွင်း တပ်တောင်း/ လေးကွင်းတပ်တောင်း/ တစ်တင်းဝင်တောင်း/ တစ်တင်းခွဲဝင် တောင်း/ကျောက်သယ် တောင်း/သရက်တောင်း နှင့် စိုက်လွန်တောင်း အစရှိသဖြင့် မှာယူသည့်အတိုင်း ပုံစံအမျိုးမျိုးပြုလုပ်နေရပြီး အများဆုံးပြုလုပ်ရသော တောင်းမှာ အမျိုးအစား ငါးမျိုးခန့်ရှိကြောင်း ထန်းကောက်တောင်းလုပ်ကိုင်သူများက ဆိုသည်။

 

ထန်းခေါက်တောင်းကို ကျေးရွာအတွင်းရှိ တောင်းမှာယူသူ(အဝယ်ဒိုင်)ထံ လုပ်သမျှပေးအပ်နေရသဖြင့် ထန်းခေါက်တောင်းရက် လုပ်ငန်းမှာ အဆင်ပြေနေပြီး များသောအားဖြင့် တပေါင်းလမှ ဝါခေါင်လအထိ ထန်းခေါက်တောင်းမှာယူမှုများပြားသဖြင့် အရောင်းရ အကောင်းဆုံးအချိန်ဖြစ်ကြောင်းလည်း သိရလေသည်။

 

ထန်းခေါက်တောင်းကို ခရမ်းချည်သီး၊ ကြက်သွန်၊ သရက် အစရှိသည့် သီးနှံများထည့်သွင်းရာတွင် အသုံးပြုသလို ထန်းလျက်ခဲထည့်ရာနှင့် ကျောက်သယ်ယူရာများသာမက တောင်သူတို့၏ သီးနှံများ သယ်ယူရာနှင့် အသုံးပြုရာတွင် အသုံပြုလေ့ရှိပြီး အခြားလုပ်ငန်းများတွင်လည်း လိုအပ်သလို အသုံးပြုကြလေ့ ရှိကြောင်း သိရှိရသည်။

 

ကမ္ဘားဖြူကျေးရွာ နှင့် ထန်းပင်ကောက်ကျေးရွာတွင် ခေတ်အဆက်ဆက် တောင်းယက်လုပ်ခြင်းလုပ်ငန်းကို လူငယ်များသို့ လက်ဆင့်ကမ်းလာကြပြီး အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် တောင်သူစိုက်ပျိုးသူတို့အတွက် ရာသီသိမ်းချိန် အပိုဝင်ငွေအဖြစ်သာမက အဆိုပါလုပ်ငန်းကို မိသားစုဝင်ငွေအဖြစ် တစိုက်မတ်မတ် လုပ်ကိုင်သူမျာလည်း ပေါများလေသည်။

 

လက်ရှိအချိန်တွင် ယခုလိုပူပြင်းသော ရာသီဥတုကိုမမှု မိမိ၏ အိမ်တွင်းအရိပ်ရသည့် နေရာမှနေ ဝင်ငွေကို ကောင်းစွာ ရှာဖွေနိုင်လေသော လုပ်ငန်းဖြစ်လေရာ ကမ္ဘားဖြူကျေးရွာနှင့် ထန်းပင်ကောက်ကျေးရွာတို့မှ ထန်းခေါက်တောင်း ယက်လုပ်လုပ်သူများ၏ အိမ်တွင်းလက်မှုလုပ်ငန်းကလည်း မိသားစုဝင်ငွေ ထိန်းနိုင်ပြီး အရောင်းအဝယ် ကောင်းမွန်၍ အလုပ်အကိုင် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)