မလှိုင်မြို့နယ်အတွင်းမှ ကျေးရွာပေါင်း (၁၆) ရွာကို ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် ရွေးချယ်      

မလိူင် ၂၀ အောက်တိုဘာ

 

၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် မလှိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)အတွက် စီမံကိန်း ကျေးရွာများ ရွေးချယ်ပွဲကို အောက်တိုဘာ ၁၈ ရက် မွန်းလွဲပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးလှိုင်က ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် မလှိုင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)အတွက် ကျေးရွာ(၁၆)ရွာကို ရွေးချယ်ပေးရမှာဖြစ်ကြောင်း၊ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁ဝဝ) ထောက်ပံ့ပေးသွားမှာဖြစ်ပြီး စီမံကိန်း ကျေးရွာရွေးချယ်ရာ၌  မိမိတို့ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို တက်ကြွစွာဖြင့် ဦးဆောင်နိုင်မည့်သူများနှင့် အမှန်တကယ်ညီညွတ်စွာဖြင့် လက်တွဲလုပ်ကိုင်ဆောင်ရွက်နိုင်မည့် ကျေးရွာများကို ဦးစားပေးရွေးချယ်ပေးရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအောင် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော   ဦးချစ်မင်းသိန်း နှင့် ဒေါ်သီတာငြိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတို့က ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပြီး မဲဆန္ဒနယ်မြေအလိုက်  ကျေးရွာ (၁၆) ရွာကို ဦးစားပေး  ရွေးချယ်ခဲ့ကြသည်။

 

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရွေးချယ်ခံရသည့် ကျေးရွာများတွင် ငွေကျပ်သိန်း (၁ဝဝ)ထောက်ပံ့ငွေ ရရှိမှာဖြစ်ပြီး ကျေးရွာတွင်း လမ်းများကောင်းမွန်ရေး၊ ရေရှိရေး၊ ကျေးလက်ဒေသ အခြေခံအဆောက်အအုံများဖြစ်သည့် ကျန်းမာရေးဆေးခန်းနှင့် စာသင်ဆောင်များ ပြုပြင်ဆောက်လုပ်ခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်စီမံခန့်ခွဲ လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကျေးရွာများမှာ မဲဆန္ဒနယ်မြေ(၁)မှ မြောက်လည်ကျေးရွာ၊ ထနောင်းကိုင်း၊ ဇီးဖြူကန်၊ ညောင်အုပ်၊ သက္ကယ်ကျင်း၊ ထန်းပင်ကန်၊ ကံကြီး(တ+မ)၊ ထမ္မကြီးကျေးရွာနှင့် မဲဆန္ဒနယ်မြေ (၂)မှ  မြင်းဦးလှည့်(ရွာမ)၊ ထန်းတောကြီး၊ ပွင့်တော၊ ကံတွင်း၊ ဆည်တိုကျေးရွာအုပ်စု (ခြောက်ပေါက်ကြီး)၊ ဆပ်ခင်းကြီး၊ သဘွတ်ကုန်း(တ)နှင့် လည်တာအိုကျေးရွာ စုစုပေါင်း (၁၆)ရွာတို့ကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။ 

 

အောင်ဌေး (မလိူင်)