မလေးရှားတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်မားလာသဖြင့် ကန့်သတ်ချက်များ တိုးမြှင့်ချမှတ်

၂၀ ဇန်နဝါရီ

 

 

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် နိုင်ငံအတွင်းရှိ ပြည်နယ် အများစုတွင် ကိုဗစ်ဆိုင်ရာ တင်းကျပ်သည့် ကန့်သတ်ချက်များ သက်တမ်း တိုးမြှင့်မည်ဟု ကာကွယ်ရေး ဝန်ကြီး အက်မေးလ် ဆာဘီရာကို့ဘ်က ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များ စီစဉ်ဆောင်ရွက်သူ အက်စ်မေးလ်က ကီဒက်ရှ်၊ ပီရက်၊ နယ်ဂရီ ဆမ်ဘီလန်း၊ ပါဟန်းနှင့် တီရန်ဂနူး ပြည်နယ်တို့တွင် ဇန်နဝါရီ ၂၂ မှ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ တင်းကျပ်သည့် ကန့်သတ်ချက်များ ချမှတ်သွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၃၁ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ခံရသူပေါင်း ၁၆၅၃၇၁ ဦး ရှိလာသည်။

 

 

ထိုရောဂါ ကူးစက်ခံရမှုကြောင့် ၁၄ ဦး ထပ်မံ သေဆုံးခဲ့ပြီး သေဆုံးသူ ၆၁၉ ဦး အထိရှိသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၃၆၃၁ ဦး အနက် ၃၆၂၄ ဦး သည် ပြည်တွင်း ကူးစက်မှုဖြစ်ပြီး ခုနစ်ဦးသည် ပြည်ပမှ ပြန်လာသူများဖြစ်သည်။

 

 

မလေးရှား အစိုးရက မြို့တော် ကွာလာလမ်ပူ၊ ပီနန်၊ ဆလန်ဂေါ၊ မလက်ကာ၊ ဂျဟိုးပြည်နယ်တို့နှင့် ဘော်နီယိုမြောက်ပိုင်း ဆာဘတ်ပြည်နယ်တို့တွင် ဇန်နဝါရီ ၁၃ မှ ၂၆ ရက်အထိ ကိုဗစ်-၁၉ ဆိုင်ရာ တင်းကျပ်သည့် အစီအမံများကို ချမှတ်ခဲ့ပြီး ဖြစ်သည်။

 

 

အဆိုပါ တင်းကျပ်သည့် ကန့်သတ်ချက်များတွင် လူအများ စုဝေးပါဝင်သည့် လူမှုရေးဆိုင်ရာ အခမ်းအနားပွဲများ အားလုံးကို ပိတ်ပင်ထားသည်။ ဒေသခံများ အနေဖြင့် အချင်းဝက် ကီလိုမီတာ ၁၀ အတွင်းသာ သွားလာခွင့်ရှိခြင်းနှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားခွင့်မပြုခြင်းတို့ကို ကန့်သတ်ထားသည်။

 

 

ကုန်ထုတ်လုပ်မှု၊ တည်ဆောက်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး တို့ကဲ့သို့သော မရှိမဖြစ် လိုအပ်သည့် စီးပွားရေး ကဏ္ဍများ လုပ်ဆောင်ရန် ခွင့်ပြုထားသော်လည်း အလုပ်ရှင်များ အနေဖြင့် ရုံးတွင် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်း အရေအတွက်ကို ကန့်သတ်ထားရမည် ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

mdn