မလေးရှားနိုင်ငံ၌ ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၅၃၆ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၄

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၃၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၅၇၃၈၉၁ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၂၅၃၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး သုံးဦးသည် ပြည်ပကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ငါးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၇၇၆ ဦး ရှိလာသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံများမှဆင်းသွားသူပေါင်း  ၄၅၀၈၃၂၂ ဦးအထိရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၉၇၉၃ ဦး ရှိပြီး ၄၅ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ ၈၅ ဒသမ ၉ ရာခိုင်နှုန်း၊ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ၄၉ ဒသမ ၄ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို