မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၇၇ ဦး ထပ်မံတွေ့ရှိ

နိုဝင်ဘာ ၂၅

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၇၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရသူပေါင်း ၄၉၇၈၃၅၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် သုံးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၈၇၄ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် ရှစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၃၆၆၃၆ ဦးရှိလာသည်။

နိုင်ငံတစ်ဝန်းတွင် ရောဂါဖြစ်ပွားဆဲလူနာ ၂၆၈၅၆ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသူ ၉၇ ဦးရှိသည်ဟု သိရသည်။

ရောဂါကူးစက်ဖြစ်ပွားသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၉၁၄၈၅၈ ဦးရှိလာကြောင်း ထိုဝန်ကြီးဌာနကဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို