မက္ကဆီကို သမ္မတမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိ

၂၅ ဇန်နဝါရီ

 

 

မက္ကဆီကို သမ္မတ အင်ဒရေစ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါ က ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာ ဟာ မပြင်းထန်ကြောင်း တနင်္ဂနွေနေ့က ကြေညာပါတယ်။

 

 

အသက် ၆၇ နှစ်အရွယ် သမ္မတ လိုပက်ဇ် အိုဘရာဒေါက သူ့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း၊ ရောဂါ လက္ခဏက မပြင်းထန်ကြောင်း၊ ကုသမှု ခံယူနေကြောင်း၊ သူဟာ အမြဲအကောင်းမြင်သူ ဖြစ်တဲ့အတွက် အခုအခြေအနေကို အားလုံးနဲ့အတူ ကျော်ဖြတ်မယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

 

 

ကပ်ရောဂါပိုး ဖြစ်ပွားနေပေမယ့် သတင်းစာ ရှင်းလင်းပွဲ အပါအဝင် သမ္မတရဲ့ လှုပ်ရှားမှုတွေမှာ မျက်နှာဖုံး ဝတ်ဆင်တာ နည်းတာကို တွေ့ရပါတယ်။ 

 

 

နိုင်ငံရဲ့ မြောက်ပိုင်း ပြည်နယ်ကိုလည်း ပြီးခဲ့တဲ့ သောကြာက သမ္မတ သွားရောက်ခဲ့သလို နိုင်ငံတစ်ဝန်းကို ခရီးတွေ အဆက်မပြတ် ထွက်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

 

 

သမ္မတဟာ ၂၀၁၃ ခုနှစ်က ရုတ်တရက် နှလုံးအမောဖောက်တဲ့အတွက် နှလုံးသွေးကြောထောက် ကိရိယာ ထည့်သွင်းပြီး နှလုံးသွေးကြောချဲ့ ကုသခံထားရသူ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတမှာ သွေးတိုးရောဂါ ရှိတဲ့အတွက် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရရင် စိုးရိမ်ရတဲ့ အုပ်စုထဲမှာ ပါဝင်နေတာကြောင်း သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည့် ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ မက္ကဆီကို သမ္မတလည်း ပါဝင်သွားပြီ ဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဘရာဇီး သမ္မတ ဂျယဲ ဘော်ဆွန်နာရို တို့လည်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပါတယ်။  

 

 

မက္ကဆီကို နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁ ဒသမ ၇၅ သန်းကျော်ရှိပြီး သေဆုံးသူ ၁၅၀,၀၀ နီးပါး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP