မကွေး  ၃၀  နိုဝင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ  ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ကို ဆောင်ရွက်လျက်ရှိသော ကျေးရွာများအနက် မကွေးခရိုင်၊ ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာအတွင်း  ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)  Type (1)အား မတည်ငွေ သိန်း ၃၀၀ ဖြင့် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ စိုက်ပျိုးရေး (၁၁၁)ဦး၊ မွေးမြူရေး (၆၈)ဦး၊ အရောင်းအဝယ် (၄)ဦး၊  စုစုပေါင်း (၁၈၃)ဦး တို့အား အတိုးနှုန်းပြား (၅၀)ဖြင့် ချေးငွေထုတ်ချေးထားရှိပြီးဖြစ်ရာ    နိုဝင်ဘာ ၂၉ ရက်နေ့တွင် မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ ချောက်မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက မြေပြင်တွင်အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် စာရင်းဇယားဖြည့်သွင်းထားရှိမှုပုံစံများအား ကွင်းဆင်းတည့်မတ်ပေးခဲ့ပြီး  ကျေးရွာစီမံကိန်း ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ခြင်း၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီး ရရှိလာခြင်း၊ ရရှိသော ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း အစရှိသော အကျိုးကျေးဇူးများ ရရှိလာနေပြီဖြစ်ကြောင်း မကွေးခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းထံမှ သိရှိရသည်။  

(မေဇင်ထွန်း၊ ကျေးလက်)