မြိူ့သစ်မြို့နယ်မှ  ဒေသထွက်ငရုတ်သီးစိမ်းများ စျေးကွက်အတွင်း စျေးကောင်းရရှိ

မြို့သစ်  နိုဝင်ဘာ   ၈

      

မကွေးခရိုင် ၊   မြို့သစ်မြို့နယ် စျေးကွက်အတွင်းသို့ ဝင်ရောက်လာသည့်  ဒေသထွက် ငရုတ်သီးစိမ်းများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကာ စျေးနှုန်းမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

“အခုအချိန်က မြို့နယ်အတွင်း ဒေသထွက်တဲ့ ငရုတ်သီးစိမ်းတွေစျေးကွက်ထဲ ဝင်လာနေပြီ၊ စျေးကလည်း အရင်က ငရုတ်သီးစိမ်းတစ်ပိဿာကို ငွေကျပ် ၁၂၀၀ ကျပ်ရပေမယ့် ဒီရက်ပိုင်းမှာ ၂၀၀၀  အထိ စျေးရလာတယ်  ၊  စျေးကောင်းရတယ်လို့ ပြောလို့ရတယ်ဟု ” ငရုတ်သီး စိမ်းရောင်းချသူ ဦးထိုက်က ပြောသည်။

                 

လက်ရှိတွင် မြို့သစ်မြို့အတွင်း၌ ကုန်စိမ်းသီးနှံများကိုသာ အများအပြား ဖြန့်ဖြူးသည့် စည်ပင်သာယာစျေးအတွင်းသို့ ငရုတ်သီးစိမ်းများနေ့စဉ် သုံးဘီးဆိုင်ကယ်အစီးရေ ဆယ်ဂဏန်းခန့် ဝင်ရောက်နေပြီး အရောင်းအဝယ်များလည်း သွက်လက်လျက်ရှိကြောင်း သိရသည်။

 

" အခုအချိန်မှာ ငရုတ်သီးစိမ်းကမိမိ ဒေသတစ်ခုတည်းက စပြီးထွက်လာလို့ စျေးကစားလို့ရတဲ့အတွက် စျေးကောင်းရနေတာပါ မကြာမီ တောင်ပေါ်က ငရုတ်သီးစိမ်းတွေ ထွက်လာတော့မှာဖြစ်တဲ့အတွက် စျေးနှုန်းကဒီထက်ပိုပြီး တက်ဖို့မရှိနှိုင်တော့ဘူးလို့ ပြောလို့ရပါတယ်"ဟု ကုန်စိမ်းရောင်းသူ တစ်ဦးထံမှ သိရသည် ။

 

သန်းဝင်းထွန်း ( ပြန်/ဆက်)