ရန်ကုန် ၃၁ ဇန်နဝါရီ
၂၀၂၁ ခုနှစ်၏ ပထမဆုံး အပြာရောင်ကမ္ပည်းပြားကို ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်ပြည်သူ့အိုးအိမ်အဖွဲ့ရုံး)တွင် တပ်ဆင်ခြင်းကို ဇန်နဝါရီ ၃၀ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြာပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်နိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ အပြာရောင်ကမ္ပည်းပြားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်နိုင်၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြခန်းများ၊ ရုံးခန်းများနှင့် Urban Research and Development Center တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အဆောက်အအုံကို ၁၉၂၃ ခုနှစ်၊ မတ်လတွင် ရန်ကုန်စည်ပင်သာယာရေးအဖွဲ့ (Rangoon Development Trust)၏ ရုံးအဖြစ် တည်ဆောက်ခဲ့သည်။ ထိုနှစ်များအတွင်း ရန်ကုန်မြို့လယ်တစ်ဝိုက်တွင် မြန်မာပြည်ဘုရင်ခံ Sir Harcourt Butler ကိုယ်တိုင် အုတ်မြစ်ချပေးခဲ့သည်။
၁၉၅၄ ခုနှစ်တွင် ပြည်သူ့အိုးအိမ်အဖွဲ့ (NHB)၊ ၁၉၇၂ ခုနှစ်တွင် အိုးအိမ်ဦးစီးအဖွဲ့(HC)၊ ၁၉၇၄ ခုနှစ်တွင် အိုးအိမ်ဌာန(HD)၊ ၁၉၉၀ ပြည့်နှစ်တွင် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DHSHD)၊ ၂၀၀၆ ခုနှစ်တွင် နေပြည်တော်ရုံးများ ပြောင်းရွှေ့သွားသောအခါ ရုံးချုပ်ကို နေပြည်တော်နှင့် ရန်ကုန်ခွဲ၍ လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (DUHD)အဖြစ် အမည်ပြောင်းလဲကာ အိမ်ရာဘဏ်၊ ပြခန်းများ၊ ထပ်မံတိုးချဲ့ပြီး ယနေ့ အဆောက်အအုံအား အပြည့်အဝ အသုံးပြုလျက်ရှိသည်။
ရန်ကုန်မြို့တွင် တပ်ဆင်ပြီး အပြာရောင်ကမ္ပည်းပြားအရေအတွက်မှာ ၃၇ ခုအထိရှိပြီး ဖြစ်ကြောင်း သိရှိရပြီး ယခုအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်းထားသည့် စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)


