မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၇ မတ် 

 

မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၆ ရက် ညနေ ၆ နာရီက ကသာမြို့နယ်၊ ကသာ-အင်းတော်ကားလမ်း၊ ပင်းမလွတ်ကျေးရွာအနီးတွင် ဇွဲခိုင်မောင်းနှင်ပြီး လင်းသန်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၉၉ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း။

 

အလားတူ ယင်းနေ့ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ငှက္ကတောင်ကျေးရွာအုပ်စု၊ မြို့ပြကွက်သစ်ရပ်ကွက်နေ နေမင်းစိုးနှင့် မစန်းစန်းထွေးတို့၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈၅၀ နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို လည်းကောင်း။

 

ထို့အတူ မတ် ၅ ရက် ညပိုင်းက ကင်းချောင်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘူးသီးတောင်မြို့နယ်၊ မြောင်းနားကျေးရွာအုပ်စု၊ မြောင်းနားကျေးရွာအနီးရှိ လယ်ကွက်တွင်တွေ့ရှိသည့် အိတ်အားဖွင့်ဖောက်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀ဝ၀ ကိုလည်းကောင်း။

 

အလားတူ မတ် ၆ ရက် မွန်းလွဲ ၂ နာရီက မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ အထကခွဲ(ပုန်းထွန်)၏ အနောက်ဘက်၊ လမ်းသွယ်တွင်တွေ့ရှိသူ မညိုထွေးအားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ဝ၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

 

MDN