မိုးညှင်းမြို့နယ်တွင် နှမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်း

မိုးညှင်း  ၁၉   အောက်တိုဘာ

 

 

ဝါလကင်းလွတ် သီးတင်းကျွတ်၍ မိုးအကုန်ဆောင်းအကူးသို့ စတင်ရောက်ရှိလာပြီဖြစ်၍ စပါးစိုက်တောင်သူများ လုပ်ငန်းခွင်သို့ဝင်ရန် တာစူနေချိန်တွင် လယ်ယာသိမ်းချိန်များတွင် မီးဖိုဆောင်သုံးငွေနှင့် အပိုဝင်ငွေများရရှိရန်အတွက် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် တောင်သူများမှာ မိမိတို့၏ လယ်ယာတောင်ကုန်းများ မြေလွတ်မြေရိုင်ကုန်းမြေများနှင့် ချောင်းကမ်းဘေးတစ်လျှောက်တို့တွင် နှမ်းများကို စိုက်ပျိုခဲ့ကြကြောင်း သိရသည် ။

 

 

ကချင်ပြည်နယ် မိုးညှင်းမြု့နယ် မော်ဟန်ဒေသနှင့် အနီးဝန်းကျင်ကျေးရွာများတွင် တောင်သူအချို့မှာ အပိုဝင်ငွေအတွက် ဆီစားနှမ်းမျိုးဖြစ်သော နှမ်းကြီးပင်များကို စိုက်ပျိုးလာကြသည်။ နှမ်းစိုက်ပျိုးရာတွင် အများစုမှာ အပင်ကြီးထွားမှုများရှိသော်လည်း အသီးဖြစ်ထွန်းချိန်တွင် ရာသီဥတုမမှန်၍ မိုးရွာသွန်းမှုနည်းပါက အပင်ရှင်သန်ကြီးထွားမှု နှေးကွေးပြီး အသီးဖျင်းခြင်း အထွက်နှုန်းလျော့နည်းလာခြင်းကြောင့် တွက်ခြေ မကိုက်သဖြင့် နှမ်းစိုက်တောင်သူများ နည်းပါးလာကြောင်း ဒေသခံနှမ်းစိုက် တောင်သူများက ပြောကြားသည်။

 

 

" မနှစ်က ဒီနေရာမှာ နှမ်းကြီးပင်တွေကို အခုလိုစိုက်ပျိုးခဲ့ပါတယ်၊ တစ်ဧကကို ပျှမ်းမျှ  ၁၈ တင်းခန့်သာ ထွက်ပါတယ်၊ ရာသီဥတုမမှန်လို့ အသီးကင်းတွေများခဲ့လို့ပါ ဒီနှစ်မှာတော့ အပင်လည်းကြီးထွားသလို မိုးလေဝသကလည်းမှန်လို့ အပင်အောက်ခြေက စသီးတာကြောင့် ဒီနှစ်မှာတော့ အထွက်တိုးမယ်လို့ ခန်းမှန်းမိပါတယ် " ဟု မော်ဟန်ကျေးရွာ ရွာမရပ်နေ နှမ်းစိုက်တောင်သူ ကိုစိုးပိုင်ထူးက ပြောကြားခဲ့သည်။

 

 

မိုညှင်းမြို့နယ် မောင်ဟန်ဒေသတွင် တောင်သူဦးရေနည်းပါးပြီး အများစုမှာ ပြန်ကျရောင်းဝယ်ခြင်း တနိုင်တပိုင်ရွှေတူးဖော်ခြင်းနှင့် နမ္မချီကျောက်စိမ်းမှော်များတွင် သွားရောက်လုပ်ကိုင်သူ များပြားခြင်းတို့ကြောင့် စပါးစိုက်တောင်သူများ နည်းပါးလာရခြင်းဖြစ်ကြောင်း တောင်သူအချို့မှာ မိမိတို့ လယ်တောယာတောနှင့် ကိုင်းတောကုန်းမြေတို့တွင် တွက်ခြေမကိုက်သော်လည်း နှမ်းပေါ်ချိန် ဈေးကောင်း၍ အပိုငွေရရန်အတွက် စိုက်ပျိုးရခြင်းဖြစ်ကြောင်း ဒေသခံတောင်သူတစ်ဦး က ပြောပြသည်။

 

 

" ကျွန်တော့လယ်မှာ ရေမရနိုင်တဲ့ ကုန်းမြေနေရာ ၃ ဧကကို နှမ်းကြီးပင်တွေ စိုက်ပါတယ် တစ်ဧကကို (၂၅) တင်းလောက် ထွက်မယ်လို့ ခန့်မှန်း ရပါတယ်။ ရာသီချိန် နှမ်းပေါက်ဈေးက တစ်တင်းကို  (၂၅၀ဝဝ) ကျပ်ခန့် အဝယ်လိုက်တာကြောင့် စိုက်ပျိုးရတာလွယ်ပြီး ပေါင်းရှင်းရတာ လွယ်ကူတဲ့အတွက် ဆီအထွက်ကောင်းတဲ့ နှမ်းကြီးပင်တွေကို စိုက်ပျိုးသင့်ပါတယ် " ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည် ။

 

 

နီတိုး