မိုးညှင်း ၂၀ အောက်တိုဘာ

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့တွင် တစ်မြို့နယ်လုံး လွှမ်းခြုံသော ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင်စတင် ထည့်သွင်းထိုးနှံမည့်အိတ်ချ်ပီဗီ(သားအိမ်ခေါင်းကင်ဆာ)ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ လာမာမီးက ပြောကြားသည်။

 

မိုးညှင်းခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်တိုဘာ ၂၀ ရက်နေ့ ယနေ့ နံနက်  ၁၀နာရီက ကျင်းပသည့် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းအစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေး (Human Papillomavirus Vaccine -HPV) စတင်ထည့်သွင်းခြင်း အသိပေးဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ခရိုင်ဆေးရုံအုပ်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဒီနေ့လုပ်တဲ့ပွဲက မိတ်ဆက်တဲ့အခမ်းအနားဖြစ်တယ်၊ မနက်ဖြန်ဆိုရင် ဒီအိတ်ချ်ပီဗီ ကာကွယ်ဆေးကို စတင်ထိုးပေးဖို့ မူလရည်ရွယ်ထားတယ်၊ အခုတော့ ကျွန်မတို့ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ Stay at Home အစီအစဉ်မှာအကျုံးဝင်နေလို့ ကာကွယ်ဆေးထိုးမည့် ရက်ကို ရွှေ့ဆိုင်းထားတယ်၊ Stay at Home ကာလလွန်မြောက်တာနဲ့ ရပ်ကွက်/ကျေးရွာ အုပ်စုတွေမှာရှိတဲ့ အသက်၉နှစ်နှင့်၁၀နှစ်ကြားရှိ မိန်းကလေးတွေကို ထိုးပေးသွားမယ်” ဟု ဒေါက်တာလာမာမီးက ပြောကြားသည်။

 

အဆိုပါအိတ်ချ်ပီဗီကာကွယ်ဆေးအပြင် မြို့နယ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်ခြင်းများကိုလည်း Stay at Home အစီအစဉ်တွင်အကျုံးဝင်နေသဖြင့် ရပ်နားထားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း အိတ်ချ်ပီဗီကာကွယ်ဆေးထိုးပေးရမည့် မိန်းကလေးဦးရေသည် ၂၂၀၀ ကျော်ရှိကြောင်း သိရှိရသည်။

           

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့စွဲဖြင့် အမိန့်အမှတ် ၁၂၉/၂၀၂၀ ဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်များကို Stay at Home (နေအိမ်တွင်နေထိုင်ရေး) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဤအမိန့်သည် အောက်တိုဘာလ ၂၀ရက်နေ့ (ယနေ့) နံနက်(၈)နာရီမှ စတင်သက်ရောက်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

 

အောက်တိုဘာလ၂၀ရက် နေ့နံနက်(၁၁)နာရီအချိန်အထိ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ဦးရှိပြီး ၁၅ဦးမှာ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး လက်ရှိမိုးညှင်းဆေးရုံသီးသန့်ခန်းတွင် ပိုးတွေ့အတည်ပြုလူနာ(၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)