မိုးညှင်းခရိုင်၏ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း အနည်းငယ်လျော့နည်း

မိုးညှင်း ၈ ဇွန်

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှစ၍  တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ စာစစ်ဌာနများနှင့် ပညာရေးမှူးရုံးများတွင် ကြေညာလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၏ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည်  ယမန်နှစ်ကထက် အနည်းငယ်လျော့နည်းခဲ့ကြောင်း ခရိုင်ပညာရေးဌာန၏ တက္ကသိုလ်ဝင်တန်း အောင်ချက်အစီရင်ခံစာများအရ သိရသည်။

 

မိုးညှင်းခရိုင်တွင် မြို့နယ် ၃ မြို့နယ်ပါဝင်ပြီး တစ်မြို့နယ်ချင်းအလိုက် အောင်ချက်ရာခိုင်နှုန်းများ အနေဖြင့် မိုးညှင်းမြို့နယ်တွင် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ပေါင်း ၆၀၆၉ ဦး၊ အောင်မြင်သူ ၁၉၃၉ ဦး ရှိပြီး  အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၃၁ ဒသမ ၉၅ ရာခိုင်နှုန်း၊ မိုးကောင်းမြို့နယ်တွင် ဖြေဆိုသူပေါင်း ၃၆၁၁ ဦး၊ အောင်မြင်သူ ၁၁၂၇ ဦး အောင်ချက်ရာခိုင်နှုန်း ၃၁ ဒသမ ၂၁၊ ဖားကန့်မြို့အနေဖြင့် ဖြေဆိုသူပေါင်း ၃၀၂၄ ဦး၊ အောင်မြင်သူ ၁၀၄၀ ဦး အောင်ချက်ရာခိုင်နှုန်း ၃၄ ဒသမ ၃၉ ရှိသည်။

 

တစ်ခရိုင်လုံးအနေဖြင့်  ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူပေါင်း ၁၂၇၀၄ ဦး အောင်မြင်သူပေါင်း ၄၁၀၆ ဦး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၃၂ ဒသမ ၃၂ ရှိပြီး ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူပေါင်း ၁၁၇၉၃ ဦးရှိပြီး အောင်မြင်သူပေါင်း ၃၈၇၄ ဦး အောင်ချက် ရာခိုင်နှုန်းအနေဖြင့် ၃၂ ဒသမ ၈၅ ရှိကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)