မိုင်းယုမြို့၌ အရိပ်ရ နှင်းသီး ခေါ် ကြောင်မျက်လုံးသီးများ လှိုင်လှိုင်ပေါ်၍ မိသားစုအပိုဝင်ငွေရရှိ

မိုင်းယု        ဇူလိုင်        ၂၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံတိုင်းရင်းသားများ၏ နေအိမ်ဝင်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် ရာသီပေါ် နှင်းသီး ခေါ် ကြောင်မျက်လုံးသီးများ လှိုင်လှိုင်ထွက်ရှိကာ ခူးဆွတ်ရောင်းချရာမှ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

 

နှင်းသီး ခေါ် ကြောင်မျက်လုံးသီးမှာ ကဆုန်လဆန်းပိုင်းကနေ စတင်ဖူးပွင့်၍ အသီးလိုက်ပြီး သုံးလအကြာ ဝါဆိုလအတွင်း ရင့်မှည့်ကာ ခူးဆွတ်စားသုံးနိုင်ကာ အခိုင်အတွဲလိုက်သီးသည့် အပင်ကြီးမျိုးဖြစ်ကြောင်း၊ အသီးမှာ လုံးဝန်း၍ ချိုသည့်အရသာကို ခံစားရကာ အခွံပါးလွှားပြီး အညှိရောင်ရှိကြောင်း၊ ယင်းအခွံအောက်တွင် ချိုမြိန်သည့် မထူမပါး အဖြူအကြည်ရောင်ရှိသည့် အသားကို စားသုံးရပြီး ၎င်းအောက်တွင် အမည်းရောင်ရှိသည့် အစေ့ကို တွေ့မြင်ရကြောင်း၊ အဆိုပါ အပင်များကို ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသားဒေသခံများ၏ နေအိမ်ခြံဝင်းတွင် အရိပ်ရအပင်ဖြစ် အများဆုံး စိုက်ပျိုးထားကြပြီး  အသီးသီးလျှင်လည်း ခူးဆွတ်ကာ ရောင်းချ၍ တစ်ဖက်တစ်လမ်းမှ မိသားစုအတွက် အပိုဝင်ငွေရရှိကြောင်း ကြောင်မျက်လုံးသီးရောင်းချသူက ပြောပြသည်။

 

ကြောင်မျက်လုံးသီးအမှည့်ကို အသီးစပေါ်ချိန်တွင် တစ်စီးလျှင် ငွေကျပ် ၅၀၀ ထိရရှိပြီး အသီးလှိုင်လှိုင်ထွက်ချိန်တွင် နှစ်စီးလျှင် ငွေကျပ် ၅၀၀ သာ ရရှိကြောင်း၊ ခြံဝင်းအတွင်း အနည်းငယ် စိုက်ပျိုးထားခြင်းဖြင့် အရိပ်လည်းရ အသီးထွက်လျှင်လည်း တစ်ဖက်တစ်လမ်းမှ မိသားစုအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။

 

ကိုကိုနိုင်