မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

မိုင်းယန်း အောက်တိုဘာ ၂၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေး ပန်ကြားချက်များကို ဒေသခံ တိုင်းရင်းသားပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ဆောင်ရွက်ခဲ့သည်။

 

mdn

 

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကိုစက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် စသည့်အချက်များကို ရှမ်း၊ မြန်မာဘာသာတို့ဖြင့် ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)