မိုင်းယောင်း၌ ကြက်သွန်ဖြူစိုက်တောင်သူများ ပုံမှန်ဝင်ငွေရ

မိုင်းယောင်း၊ ၁၁ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကြက်သွန်ဖြူစိုက် တောင်သူများသည် ဒေသထွက်ကြက်သွန်ဖြူ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချချိန်၌ ပုံမှန်ဝင်ငွေရရှိနေကြကြောင်း သိရသည်။

 

“ဒီနှစ်ကတော့ ကြက်သွန်ဖြူတွေ အထွက်ကောင်းတယ်။ ဒါပေမယ့် မနှစ်ကလို ဈေးတွေမရဘူး။ မနှစ်ကတော့ ကြက်သွန်တစ်စည်းကို ကျပ် ၁၀၀၀ ကနေစပြီး ရောင်းချရတယ်။ ဒီနှစ်တော့ ကြက်သွန်ဖြူ အထွက်ကောင်းပေမယ့် ဈေးကျတယ်။ တစ်စည်းကို ကျပ် ၅၀၀ လောက်ပဲရတယ်။ ဒါပေမယ့် မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ပုံမှန်ဝင်ငွေ ရနေကြပါတယ်” ဟု တစ်ပိုင်တစ်နိုင် ဒေသထွက်ကြက်သွန်ဖြူစိုက် တောင်သူတစ်ဦးက ပြောသည်။

 

မိုင်းယောင်းမြို့နယ်မှ တောင်သူများသည် မိသားစုအလိုက် တစ်ပိုင်တစ်နိုင် ကြက်သွန်ဖြူစိုက်ပျိုးကြပြီး ယခုအခါ ဒေသထွက်ကြက်သွန်ဖြူများ စတင် ခူးဆွတ် ရောင်းချနေကြပြီဖြစ်ရာ ကျပ် ၇၀၀၀ မှ ၁၅၀၀၀ အထိ နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိနေကြကြောင်း တစ်ပိုင်တစ်နိုင် ကြက်သွန်ဖြူစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

 

အားချာ၊ ဓာတ်ပုံ-နန်းပန်