မိုင်းယောင်းမြို့နယ်၌ ချင်းပြည်နယ်ထွက် ဝဥများ စမ်းသပ်စိုက်ပျိုးနိုင်ရေးဆောင်ရွက်

မိုင်းယောင်း၊ ၂၀ ဇန်နဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ဈေးကောင်းရရှိနိုင်သည့် ချင်းပြည်နယ်ထွက် ဝဥများ စမ်းသပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ မိုင်းယောင်း ရာသီဥတု၊ ရေမြေနဲ့ ကိုက်ညီမယ့် ဈေးကွက်အတွင်း အရောင်းအဝယ် အလားအလာရှိပြီး ဈေးကောင်းရရှိနိုင်တဲ့ ချင်းပြည်နယ်ထွက် ဝဥ ရွက်သီးတွေကို ဒေသခံတောင်သူ သုံးဦးက စမ်းသပ်စိုက်ပျိုးဖို့ စတင်ဆောင်ရွက်နေပါပြီ။ စိုက်ပျိုးလို့ အောင်မြင်ဖြစ်ထွန်းရင် လာမယ့်နှစ်မှာ တိုးချဲ့စိုက်ပျိုးသွားဖို့ တောင်သူတွေ စောင့်ကြည့်နေပါတယ်။ တောင်သူအများစု ကလည်း စိတ်ဝင်စားနေကြပါတယ်။ လာရောက်စုံစမ်း မေးမြန်းတာတွေလည်း ရှိပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောပြသည်။

မိုင်းယောင်းမြို့နယ်အတွင်း ဒေသခံတောင်သူများ ဝဥတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဝဥ စိုက်ပျိုးနည်း များဖြစ်သော ရာသီဥတု၊ မြေအမျိုးအစား၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးနည်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်း ခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဝဥသည် အကျယ်ခြောက်လက်မပတ်လည်၊ အနက်ခြောက်လက်မ စိုက်ကျင်းပြင်ပြီး ကျင်းထဲတွင် မြေဆွေးခံ၍ ဝဥကို လေးလက်မမှ ငါးလက်မ အနက်တွင် စိုက်ပျိုးရကြောင်း၊ မိုးဦးရာသီ မေလတွင် စတင်စိုက်ပျိုးသင့်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုင်းအောင်ဇော်လင်း