မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့ဆေးရုံရှိ (COVID-19 Fever Clinic)သို့ ကျန်းမာရေးလာရောက်စစ်ဆေးရာမှ အမျိုးသမီးနှစ်ဦးထံက ကိုဗစ်-၁၉ရောဂါပိုးထပ်မံတွေ့ရှိ

မိုင်းဖြတ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံရှိ  (COVID-19 Fever Clinic) သို့ ကျန်းမာရေးလာရောက်စစ်ဆေးရာ  အမျိုးသမီး နှစ်ဦးထံက ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။  

အဆိုပါ အမျိုးသမီးနှစ်ဦးအနက် အသက်(၁၈)နှစ်အရွယ်ရှိအမျိုး သမီးမှာ မိုင်းဖြတ်မြို့၊ ဝမ်ပုံကျေးရွာ အုပ်စု၊ ဝမ်ယမ်းမိုင်ကျေးရွာတွင်နေထိုင်ပြီး တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ လုံလော် (KTV)ဆိုင်တွင် သွားရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အသက်(၂၀)နှစ်အရွယ်ရှိ အမျိုးသမီးမှာ မိုင်းဖြတ်မြို့၊ ဝမ်ပုံကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တာချီလိတ်မြို့ရှိ ပါလျှံရပ်ကွက်ရှိ၊ ရွှေဗူးသီးဟိုတယ်တွင် သွားရောက်အလုပ် လုပ်သူများဖြစ်ကြသည်။ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံရှိ (COVID-19 Fever Clinic)တွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ    ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။   

ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူနှစ်ဦးအနက် အသက်(၁၈)နှစ်အရွယ်ရှိ အမျိုးသမီးနှင့် ထိတွေ့ခဲ့သူ  ၇ဦးနှင့် အသက်(၂၀)နှစ်ရှိအမျိုးသမီးနှင့် ထိတွေ့ခဲ့သူ ၅ဦး စုစုပေါင်း၁၂ဦးတို့ကို RDT Test Kitဖြင့် စစ်ဆေးခဲ့ ရာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိ(Ngeative)ဖြစ်သည်။ ၎င်းတို့၁၂ဦးအား မိမိနေအိမ်၌ Home Quarantine  ထားရှိပြီး၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူအမျိုးသမီးနှစ်ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ဇူလိုင်လ ၁ရက်မှ ၁၄ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၄ဦးအထိရှိလာပြီးဖြစ်ရာကြောင်း သိရသည်။

 ရွှေကို(မိုင်းဖြတ်)