မိုင်းခတ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး အသိပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မိုင်းခတ် အောက်တိုဘာ ၂၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး သိပညာပေးနှိုးဆော်မှုကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက မိုင်းခတ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်တွင် Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (mask) ကို စနစ်တကျတပ်ဆင်ရန်၊ အိမ်တွင် ဧည့်သည်များအား လက်ခံခြင်းမပြုရန်၊ နှာခေါင်းစည်း (mask) မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ အပြင်မှ ပြန်လာသောအခါ (mask) များကို စနစ်တကျစွန့်ပစ်ရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင်ဆေးရန်နှင့် မိမိတို့နေအိမ်၌ ဖျားနာခြင်း၊ အနံ့မရခြင်းနှင့် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြရန် စသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြန်မာဘာသာနှင့် အာခါဘာသာ နှစ်မျိုးဖြင့်  လှည့်လည်တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအသိပေးနှိုးဆော်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူများအား ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုင်းခတ်(ပြန်/ဆက်)