နေပြည်တော် ဇွန် ၃၀
မိုင်းဆတ်မြို့နယ်၌ ငွေကျပ် သိန်း ၁၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် တာချီလိတ်မြို့၌ ငွေကျပ် သိန်း ၉၆၀ တန်ဖိုးရှိ ကက်တမင်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၂၇ ရက် ညနေ ၅ နာရီခွဲတွင် သတင်းအရ မိုင်းဆတ် မြို့နယ် မိုင်းထလမ်းကျေးရွာ အုပ်စု မိုင်းကန်းကျေးရွာအနီး မိုင်းတွမ်း-တာချီလိတ်သွား ကားလမ်းတွင် မိုင်းဆတ်မြို့နယ် မိုင်းထလမ်းကျေးရွာနေ အိုက်ရုန်း (၄၃)နှစ် မောင်းနှင်လာသော TOYOTA CROWN အမျိုးအစား ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၁၈၀) သိမ်းဆည်းရမိသဖြင့် အိုက်ရုန်းကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ထို့အတူ ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့ တာလော့ရပ်ကွက် အနီးတွင် လမ်းလျှောက်လာသူ ထိုင်းနိုင်ငံ နတ်ခွန်းစဝမ်မြို့ ပါက်နမ့်ဖို ရပ်ကွက်နေ Mr. Chairat Visitsri (ချိုင်းလက်ဝစ်စစ်စီ) (၂၈)နှစ်အား စစ်ဆေးရှာဖွေရာ ကက်တမင်း ၈ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၂၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၉၆၀) ဖမ်းဆီးရမိသဖြင့် Mr. Chairat Visitsri အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


