မိုင်းဆတ်   ၂၈  အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း ဆင်းပွဲနှင့် မဲရုံလက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက မြို့မရဲစခန်း၌ ကျင်းပသည်။

 

ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရန်နိုင်ထွန်းက မိုင်းဆတ်မြို့နယ်ရှိ မဲရုံ(၅၈)ရုံ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၅၈)ဦးအား မိမိတို့တာဝန်ကျရာ မဲရုံများတွင် ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် လုံခြုံရေးအထူးဂရုပြု စောင့်ကြပ်ရေး၊ တာဝန်နှင့် ဝတ္တရားများကို တိကျစွာ လိုက်နာ ဆောင်ရွက်ရေး အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမောင်ချိုက ဆန္ဒမဲပေးပုံအဆင့်ဆင့်အား အသေးစိတ်ရှင်းလင်း ပြောကြားပြီး လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်မိသားစုများ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်ချို၊ အဖွဲ့ဝင် ဦးသန်းဇော်ဦးနှင့် အထူးရဲသင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)