မိုးနှောင်းနှမ်း(ခေါ်)ဆောင်းနှမ်းများ ဖြစ်ထွန်းပြီး  ရောင်းချချိန်စျေးကောင်းရရန်  တောင်သူများမျှော်လင့်

မြို့သစ်   ဒီဇင်ဘာ  ၁၃

 

မကွေးခရိုင် မြို့သစ်မြို့နယ်တွင် မိုးနှောင်းနှမ်း (ခေါ်) ဆောင်းနှမ်းများ ဖြစ်ထွန်းပြီး ရောင်းချချိန် တွင် စျေးကောင်းရရန် နှမ်းစိုက်တောင်သူများ မျှော်လင့်နေကြောင်း သိရသည်။

 

ယခု နှမ်းများကို တော်သလင်းလတွင် စိုက်ပျိုးကြပြီး  နတ်တော်လထဲတွင် စတင်ရိတ်သိမ်း ရောင်းချ ရကြောင်း၊   နှမ်း (၁)ဧက စိုက်ပျိုးရန်အတွက်    နှမ်းမျိုး(၈) ပြည်မှ (၁၀)ပြည် ခန့်ရှိကြောင်း   ထွန်ရှင်းခ၊ လုပ်အားခနဲ့  ဆေးဝါးခ ခန့်မှန်းကုန်ကျငွေ ကျပ် (၂၅၀၀၀၀)ကျော် ကုန်ကျကြောင်း၊ ဈေးပိုမိုရရှိသည့် နှမ်းအနက်များကိုသာ အများအပြားစိုက်ပျိုးကြကြောင်း၊ နှမ်း(၁)ဧကအထွက်နှုန်းအနေဖြင့် မြေအမျိုး အစားပေါ် မူတည်၍ (၁၅)တင်းမှ တင်း (၂၀)အထိ ထွက်ရှိကြောင်း၊ နှမ်းအမျိုးအစားပေါ်မူတည်၍ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ်(၅၀၀၀၀)ကျော်နှင့် နှမ်းနက် (၁)တင်း ငွေကျပ်(၆၀၀၀၀) ကျော်ထိ ပွဲရုံများကဝယ်ယူလျက်ရှိကြောင်း မြို့သစ်မြို့နယ်မှ နှမ်းစိုက်တောင်သူတစ်ဦးထံက သိရသည်။

 

မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုး လျက်ရှိရာ မိုးနှောင်းနှမ်း (၂၄၉၂)ဧက စိုက်ပျိုးရန် လျာထားခဲ့‌သော်လည်း (၂၅၀၂)ဧက စိုက်ပျိုးနိုင်ခဲ့သောကြောင့် လျာထားစိုက်ဧကထက်(၁၀)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

သန်းဝင်းထွန်း( ပြန်/ဆက်)