မိုးမောက် ၁၈ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ကျရီဒဂေါ်ကျေးရွာသွား လမ်းပေါ်ရှိ နန့်ကျရီ တံတား ပေ(၂၀၀)နှစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်မည့်စီမံကိန်း နေရာအား ကချင် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းတို့ပါဝင်သော အဖွဲ့သည် ဒီဇင်ဘာ(၁၈)ရက် နံနက်(၁၀)နာရီခန့်က ကွင်းဆင်းကြည့်ရှုပြီး ဒေသခံပြည်သူ များနှင့်တွေ့ဆုံကာ တံတားဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါတံတားသည် ၂၀၁၃−၂၀၁၄ ဘဏ္ဍာနှစ်တွင် န.တ.လ ဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် ကျရီဒဂေါ်ကျေးရွာ ဘက်ခြမ်းရှိ ကမ်းကပ်ခုံပြိုကျပြီး တံတား၏(၂၅)ပေ အခန်းဖွင့်တစ်ခု ပြုတ်ကျပျက်စီးခဲ့ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် တံတားပေ(၁၀၀)ခန့် ထပ်မံပြိုကျပျက်စီးခဲ့မှုကြောင့် ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် ပျက်စီးသွားသော ကွန်ကရစ် တံတားအစား နှစ်လွှာတစ်ထပ် သံဘောင်ဘေလီ ပေ(၂၀၀)တံတားအား ကျပ်သန်း (၄၉၃)သန်းဖြင့် (Iaura) ကုမ္ပဏီမှ တာဝန်ယူအသစ်ပြန်လည်တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျရီဒဂေါ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာမှ အိမ်ထောင်စု(၂၄၃)စု လူဦးရေ တစ်ထောင်ကျော်ခန့်သည်ယခုအခါ ယာယီဝါးတံတားဖြင့် သွားလာလျက်ရှိကြောင်းနှင့် ကျေးရွာများအတွက် အမှတ်တကယ်လိုအပ်သော တံတားဖြစ်သည့်အတွက် တံတားအသစ်တည်ဆောက်ပေးမည် ဟုသိရှိရ၍ ဒေသခံများဝမ်းသာပီတိဖြစ်ကြောင်း သိရှိရသည်။
လွန်းနန်းထွေး


