လွိုင်ကော်   ဧပြီ   ၁၇

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍  မိုးကောင်းမဟာမုနိ ရုပ်ပွားတော်မြတ် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရေသပ္ပာယ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ရှိ မိုးကောင်းဘုရားကြီးကျောင်းတိုက် မိုးကောင်းမဟာမုနိဂန္ဓကုဋိတိုက်၌ ကျင်းပသည်။

အခမ်းအနားသို့  ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊  ဒေသကွပ်ကဲရေးမှူး၊    ပြည်နယ်တရားသူကြီးချုပ်၊  ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊   ပြည်နယ်ဝန်ကြီးများ၊  ဌာနဆိုင်ရာများနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညာစက္က အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက်  ဆရာတော်ကြီးများ ရွတ်ပွားပူဇော်သည့်  ပရိတ်တရားတော်များကို  နာယူကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်  ဧည့်ပရိသတ်များက မိုးကောင်းမဟာမုနိရုပ်ပွားတော်မြတ်နှင့်  မိုးကောင်းကျောင်းတိုက်အတွင်းရှိ ဂြိုဟ်ပြေနံပြေရုပ်ပွားတော်တို့ကို   ရေသပ္ပာယ်ပူဇော်ကြသည်။

ဆက်လက်၍   နောင်ယားကန်၌ ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲသို့  တက်ရောက်ပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့   ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ နှစ်သိန်းကို   ဇီဝိတဒါနအဖြစ်   ကုသိုလ်ပြုလွှတ်ပေးခဲ့ကြောင်း သိရသည်။

 ပြည်နယ်(ပြန်/ဆက်)