မိတ္ထီလာတွင် ဆူးပုပ်ရွက် တစ်ပိဿာ နှစ်ထောင်ကျပ်ဈေးနှုန်းဖြင့် ခူးဆွတ်ရောင်းချနိုင်၍ စိုက်ပျိုးသူများ အဆင်ပြေ

မိတ္ထီလာ ၂  မေ

 

မိတ္ထီလာတွင် ဒေသအတွင်းရှိ ဟင်းသီးဟင်းရွက်ဈေးကွက်သို့  ဆူးပုပ်ရွက်တစ်ပိဿာကို နှစ်ထောင်ကျပ် နှုန်းဖြင့် ခူးဆွတ်ရောင်းချနိုင်၍ တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေရလုပ်ငန်းအဖြစ် ဆူးပုပ်စိုက်ပျိုးသူ ရောင်းချသူများ  အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

“ဆူးပုပ်ရွက် စပေါ်တဲ့အချိန်ကဆို တစ်ပိဿာကို သုံးထောင်ကျပ်နှုန်းအထိ ရောင်းချရတယ်။ အခုနောက်ပိုင်း တဖြည်းဖြည်းဈေးကျတာကြောင့် တစ်ပိဿာ နှစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းချနိုင်သေးတာကြောင့် စိုက်ပျိုးသူတွေ အနေနဲ့ အဆင်ပြေပါတယ်။ လက်ရှိ မိတ္ထီလာမှာရှိတဲ့ ဟင်းသီးဟင်းရွက်ဈေးကွက်အတွင်းမှာပဲ အပတ်စဉ်ခူး ဆွတ်ရောင်းချနိုင်ပြီး မိသားစုဝင်ငွေရတဲ့ အလုပ်ဖြစ်တာကြောင့် ဆူးပုပ်ပင်ကို စိုက်ပျိုးသင့်ပါတယ်။ ဆူးပုပ်ရွက်ဈေးနှုန်းမှာ မိုးကျလာပြီး ဖြိုင်ဖြိုင်ထွက်ချိန်တွင် တစ်ပိဿာ ၁၅၀ဝ ကျပ်အထိတော့ ကျသွားတတ်ပါတယ်” ဟု ရွှေစစ်သည်-အုံတုံကျေးရွာချင်းဆက်လမ်းအနီး၌ ဆူးပုပ်ပင်တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချနေသူ ကိုနိုင်လင်းက ပြောသည်။

 

ဆူးပုပ်ပင်မှာ စိုက်ပျိုးခူးဆွတ်ရောင်းချနိုင်သည့် အရွယ်တွင် တစ်နှစ်ကာလ၌ ဆယ်လမျှကြာအောင် ခူးဆွတ် ရောင်းချနိုင်ပြီး တစ်ပတ်တစ်ခါခူးဆွတ်ရောင်းချနိုင်ခြင်း၊ ဒေသအတွင်း ဟင်းသီးဟင်းရွက်ဈေးကွက်၌ အလွယ်တကူရောင်းချနိုင်သည့် စားဖိုဆောင်သုံးသီးနှံပင်ဖြစ်ခြင်း၊ ဈေးကောင်းရရှိခြင်းတို့ကြောင့် မိတ္ထီလာတွင် ဆူးပုပ်ကို တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးရောင်းချသူ များပြားလာကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)