မိတ္ထီလာ၌ လေပြင်းတိုက်ခတ်မှုဒဏ်ခံရသည့် မွေကျေးရွာရှိ အိမ်ထောင်စုများအား ကွင်းဆင်း ကူညီထောက်ပံ့

မိတ္ထီလာ    ၁၃   မေ

 

မိတ္ထီလာမြို့နယ် မွေကျေးရွာရှိ လေပြင်းတိုက်ခတ်မှုဒဏ် ခံရသည့် အိမ်ထောင်စုများအား ယနေ့ နံနက် ၁၁ နာရီက ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ပေးအပ်သည့် ထောက်ပံ့ငွေနှင့် ကယ်ဆယ် ရေးပစ္စည်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကျေးရွာအရောက် ကွင်းဆင်း ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 “  မေလ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်တာကြောင့် မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း သာစည်မြို့နယ် ၄ ခုမှာ စုစုပေါင်း လူနေအိမ်တစ်လုံး ပြိုကျပျက်စီးပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့  လူနေအိမ်ခြေ ၁ဝ၉ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေနဲ့  တစ်ခရိုင်လုံးအနေနဲ့ စုစုပေါင်း ကူညီထောက်ပံ့ငွေ ငါးဆယ့်နှစ်သိန်း ခြောက်သောင်း ရှစ်ထောင့်ရှစ်ရာ နှစ်ဆယ့်တစ်ကျပ်ကို  အိမ်ထောင်စု ၁၁ဝ ကို ထောက်ပံ့ပေးအပ်တာပါ။ ဒီနေ့က မွေကျေးရွာအုပ်စုမှာ လေပြင်းတိုက်ခတ်ဒဏ်ခံရပြီး အမိုးလန်ပျက်စီးတဲ့ လူနေအိမ် ၃ဝ နဲ့ ပြိုကျပျက်စီးတဲ့ လူနေအိမ်တစ်အိမ်အတွက် ကူညီထောက်ပံ့ငွေနဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးကို ကျေးရွာအရောက် ကွင်းဆင်းပေးအပ် ထောက်ပံ့တာပါ။ ပြိုကျတဲ့အထိ ပျက်စီးတဲ့အိမ်ဆိုရင် ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုးကို  ထည့်သွင်းထောက်ပံ့ကူညီတာပါဟု ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန    ခရိုင်ဦးစီးမှူးဒေါ်သီသီချို က ပြောသည်။

 

အဆိုပါမွေကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုများထံသို့ ကူညီထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ခရိုင်အုပ်ချုပ်ရေးမှူးဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းငြိမ်းအောင် ၊ ခရိုင်ဦးစီးမှူး ဒေါ်သီသီချိုနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်သည်။  

 

မေလ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်၍ မိုးသက်လေပြင်းကျရောက်ပြီးမိုးကြိုးထိမှန်သေဆုံးခဲ့သည့် မိတ္ထီလာမြို့နယ်     စက်ပစ်တောင်ကျေးရွာမှအမျိုးသားတစ်ဦး၏ မိသားစုဝင်များထံသို့လည်း ထောက်ပံ့ ကူညီငွေကျပ် သုံးသိန်းကို ခရိုင်ဘေးန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှု ဦးစီးဌာနကအချိန်နှင့်တပြေးညီ သွားရောက်ထောက်ပံ့ကူညီပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)