မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်း များနှင့်အတူ ပူးပေါင်းဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းလူငယ်များအား သင်တန်းဖွင့်လှစ်သင်ကြားပေး  

မိတ္ထီလာ   ၁    ဧပြီ 

မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းလူငယ်များအား မတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီက မိတ္ထီလာမြို့အထွေထွေရောဂါကုဆေးရုံးကြီး၏ အစည်းအဝေးခန်းမတွင်  သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရန်အတွက် မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည့်အပြင် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များကလည်း ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ရပ်ကွက်ကျေးရွာများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အသိပညာပေးလုပ်ငန်းများနှင့် လူစည်ကားရာနေများတွင် ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ 

၎င်းအပြင် အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သံသယလူနာများ ရှိလာပါက ထားရှိရန် စီစဉ်ဆောင်ရွက်ထားရှိသည့်အပြင် နိုင်ငံခြားမှပြန်လာသည့်သူများကိုလည်း အမြန်လမ်းမကြီး သီးကုန်းယာဉ်ရပ်နားစခန်းတွင် ကျန်းမာရေးစစ်ဆေး၍ နေအိမ်များတွင် (၁၄)ရက် နေစေ ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်လျက်ရှိသည်။ 

 

‌ေ

 

ယင်းအပြင် ရပ်ကွက်ကျေးရွာများတွင် တစ်စုတစ်စည်းတည်း (၁၄)ရက် ထားရှိ၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း၌ ရောဂါစောင့်ကြပ်ကြည့်ရှုသည့်နေရာ (၃၈)နေရာတွင် မတ်လ ၃၁ ရက်နေ့အထိ စုစုပေါင်း လူဦးရေ (၂၆၀) ရှိရာ အဆိုပါ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မိမိတို့ရဲ့ တတ်စွမ်းသမျှ အားပေးကူညီမည်ဆိုသည့် ရည်ရွယ် ချက်ဖြင့် ကျန်းမာရေးဝန်ထမ်းနှင့် ပူးပေါင်းဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါ ကြောင်း စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို သိရှိရန် ယခုလို သင်တန်းဖွင့်၍ သင်ကြားပေးခြင်း ဖြစ်ကြောင်း” မိတ္ထီလာမြို့အထွေထွေရောဂါကုဆေးရုံးအုပ်ကြီး ဒေါက်တာညွှန့်စိန်က ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဆောင်ရန်ရှောင်ရန်များ သိရှိစေရန်အတွက် မိတ္ထီလာမြို့အထွေထွေရောဂါကုဆေးရုံးကြီးမှ ဆေးရုံအုပ် ဒေါက်တာ အိအိခင်၊ ဆေးဝါးကျွမ်းကျင်-၃ ဦးသန်းဌေးနှင့် ဆေးလူမှုဆက်ဆံရေးမှူး ဒေါ်ခင်မာဇင်တို့က ပို့ချပေးခဲ့ပြီး ၎င်းသင်တန်းတွင် စေတနာ့ဝန်ထမ်း လူငယ် (၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)