မိတ္ထီလာ မေ ၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်းသီးနှံ စိုက်ပျိုးဧက ၁၅၅၄၈ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ မိတ္ထီလာခရိုင်အတွင်း နှမ်းစိုက်ဧကများ နှမ်းသီးနှံအထွက်နှုန်း နည်းပါးသည့်အတွက် နှမ်းသီးနှံများ သတ်မှတ်လျာထားသည့် အထွက်နှုန်းများရရှိစေရန် နှမ်းစိုက်တောင်သူများနှင့် တွေ့ဆုံပြီး နှမ်းစိုက်တောင်သူများ၏ နှမ်းသီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များ၊ အရင်းအနှီးလိုအပ်ချက်များ၊ သွင်းအားစု၊ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေ၊ မြေပြုရန်လိုအပ်မှု အခြေအနေများနှင့် ပိုးမွှားအန္တရာယ်နှိမ်နင်းနိုင်ရန် ကာကွယ်ဆေးများ စသည့်လိုအပ်ချက်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ဆီထွက်သီးနှံဖြစ်သည့် နွေနှမ်းသီးနှံကို ဆည်ရေကန်ရေတို့ဖြင့် စိုက်ပျိုးဧက ၈၀၉၈ ဧက စိုက်ပျိုး သွားရန် သတ်မှတ်လျာထားခဲ့ပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစတင်၍ စိုက်ပျိုးလျက်ရှိသည်။
ယင်းသို့ သတ်မှတ်လျာထားပြီး စိုက်ပျိုးခဲ့ရာ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆည်ရေကန်ရေများအပြင် စက်ရေတွင်းများတွင် နွေနှမ်းစိုက်ဧက ၁၅၅၄၈ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)