မြိတ်မြို့တွင် အကျဉ်းသား အကျဉ်းသူ (၆၀၂) ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

မြိတ်၊  ၁၂  ဖေဖော်ဝါရီ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန် ထုတ်စခန်းတို့၌ အကျဉ်းကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ (၆၀၂) ဦးကို ဖေဖော်ဝါရီ ၁၂ ရက်တွင် စည်းကမ်း သတ်မှတ်ချက်ထားကာ  ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား အကျဉ်းသူများမှလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန် အတွက်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေးခဲ့သော အကျဉ်းသား အကျဉ်းသူများမှာ မြိတ်အကျဉ်းထောင်မှ အကျဉ်းသား (၃၄၁)ဦး၊ အကျဉ်းသူ (၇၂) ဦးနှင့် ကျောက်ဖြူတောင်ကျေးရွာ၊ ကျောက်ဖြူတောင် ကုန်ထုတ်စခန်း၌ အကျဉ်းကျခံနေရသော အကျဉ်းသား (၁၈၉)ဦး၊ စုစုပေါင်း (၆၀၂)ဦးတို့ ဖြစ်သည်။

ထိုသို့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေးရာတွင် အကျဉ်းသားများအား ၎င်းတို့ပြစ်ဒဏ်ကျခံရစဉ်က ရရှိသည့် လုပ်အားခငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

(မြိတ်ခရိုင် ပြန်/ဆက်)