မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရော်ဘာစိုက်ပျိုးလုပ်ကိုင်သူအချို့ အပူရှိန် ပို၍ တိုးလာသဖြင့် ရော်ဘာခြံများ ရပ်နား

မြိတ်၊  ၁၁  ဖေဖော်ဝါရီ

 

တနင်္သာရီတိုင်းဒေသကြီ၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဥယျာဉ်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြု လုပ်ငန်းတစ်ခုဖြစ်သော ရော်ဘာခြံစိုက်ပျိုးလုပ်ကိုင်သူ အချို့မှာ နွေရာသီအပူရှိန် ပို၍တိုးလာသဖြင့် ရော်ဘာအစေးခြစ်ခြင်း လုပ်ငန်းကို ခေတ္တခဏ ရပ်နားထားသောကြောင့် ရော်ဘာလုပ်သားများ အလုပ်အကိုင် အခက်အခဲ အချို့ဖြစ်နေကြောင်း သိရသည်။

 

"ကျွန်တော်တို့ဒေသမှာ ရေလုပ်ငန်းနဲ့ဥယျာဉ်ခြံ လုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိပါတယ်။ ဥယျာဉ်ခြံရော်ဘာ လုပ်ကိုင်သူတွေ့အနေနဲ့က တစ်နှစ်ထက်တစ်နှစ် အပူရှိန်ပိုတိုးလာတယ်။ ရော်ဘာခြစ်တာက အေးတဲ့အချိန်ခြစ်မှ အစေးပိုထွက်တယ်။ ပူလာလေလေ အစေးထွက်နည်းလေလေပဲ။ ဒါကြောင့် ခြံပိုင်ရှင်တွေက ယခုလိုနွေရာသီမှာ အစေးအရနည်းလို့ ခြံခဏပိတ်တယ်။ အရင်နှစ်တွေကတော့ ဒီအချိန်မပိတ်သေးဘူး။ အခုက ဒီမှာ နေအပူပိုပြင်းလာလို့ အရွက်ကြွေ ပိုများလာတယ်။ ရော်ဘာပင်တွေက အရွက်ကြွေပြီး အရွက်နုထွက်ရင် အစေးအရနည်းလာတယ်။ ရော်ဘာအရွက်ရက်မှ အစေးပြန်ထွက်လာတယ်။ ခြံကြီးပိုင်ရှင်တွေကတော့ နားတာပေါ့ ခြံနယ်ပိုင်ရှင်တွေကတော့ မနားဘူး။ ကျွန်တော်တို့က သူဌေးခြံမှာ အခြစ်တော့ သူဌေးကနားရင် ကျွန်တော်တို့နားရမှာပေါ့။ ယခုလို စားသောက်ကုန်ဈေးနှုန်းကြီးနေတဲ့ အချိန်မှ အလုပ်မရှိတော့ အရင်နှစ်တွေထက်တော့ ပိုပင်ပန်းတယ်လို့" မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာရှိ ရော်ဘာခြံတွင် ရော်ဘာခြစ်အလုပ်သမားတစ်ဦးက ပြောသည်။

 

ထိုသို့ ရော်ဘာခြံများ ခဏရပ်နားလိုက်သဖြင့် ရော်ဘာခြစ်လုပ်သားများ အလုပ်အကိုင်အခက်ခဲ အချို့ ကြုံတွေ့နေသဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ဖြတ်သန်းနေရပြီး အခြားအလုပ်ရှာရန်လည်း အခက်အခဲများရှိနေသဖြင့် ရော်ဘာခြံအမြန်ဆုံး ပြန်ဖွင်မည့်ရက်ကို ‌မျှော်လင့်နေရကြောင်း ရော်ဘာခြစ်လုပ်သား အချို့ထံမှ သိရသည်။

"ဒီအချိန်ကတော့ ရော်ဘာခြံပိတ်တဲ့အချိန်ပဲ၊ တစ်အားပူလာတော့ အစေးအရနည်းလာနေပြီလေ။ ကျွန်မတို့ကတော့ မပိတ်ဘူး။ ကိုယ့်ခြံဆိုတော့ ကိုယ့်သဘောပဲ့လေ။ ရော်ဘာခြစ်တဲ့ရက်က သိပ်မရှိဘူး။ မိုးဆိုလည်း တစ်မိုးလုံး မိုးရွာလို့ မခြစ်ရဘူး။ အခုတစ်ခါ ထပ်နားရင် ဘာနဲ့သွားစားရဖို့ ငတ်ပြီးသေရုံပဲရှိပြီ။ ‌ခြံကြီးသူဌေးတွေကတော့ အစေးမထွက်ရင် အလုပ်သမားခနဲ့ မကိုက်ရင်နားပြီပေါ့။ သူ‌တို့မှာက ရော်ဘာခြံအဝင်ငွေမရလည်း တစ်ခြာအလုပ်ကရနေတော့ သူတို့ကတော့ ဘာမှမဖြစ်ဘူးလေ။ သူတို့ခြံမှာ လုပ်နေတဲ့ အလုပ်သမားတွေတော့ အလုပ်လက်မဲ့ဖြစ်ပြီပေါ့။ ဒီအလုပ်တစ်ခုကိုပဲ အဓိကအားကိုးနေရတဲ့ သူတွေဆိုတော့ ဒီနှစ်ကအခက်အခဲဆုံးပါ" ဟု တစ်ပိုင်တစ်နိုင် ရော်ဘာခြံ(၁၀)‌ဧက၊ အပင်(၂၀၀)ခန့် စိုက်ပျိုးလုပ်ကိုင်နေသူ ရော်ဘာခြံငယ်ပိုင်ရှင် ကိုကျော်ဉီးက ပြောသည်။

 

မြိတ်မြို့နယ်တွင်၊ ရွှေဒူး၊ သာရမဲ၊ အင်္ဂမော်၊ နန်းတော်ရာ၊ သဘွတ်၊ ပင်းအို၊ စသည့် ကျေးရွာများတွင် နေထိုင်ကြသည့် ကျေးရွာသူ၊ ကျေးရွာသားအများစုသည် ဥ‌ယျာဉ်ခြံနဲ့ ရော်ဘာလုပ်ငန်များကို အဓိကလုပ်ကိုင်သူများဖြစ်ပြီး ကျေးရွားသူ၊ ကျေးရွာသားအနည်းစုမှာ တစ်ပိုင်တစ်နိုင် ရော်ဘာခြံငယ်များ ပိုင်ဆိုင်ကြပြီး အများစုမှာ သူဌေးပိုင် ရော်ဘာခြံများတွင် မိသားစုစားဝတ်နေရေး အတွက် လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)