မြိတ်မြို့၌ အနုပညာရှင်များ ပါဝင်သော သဲသောင်ပြင်ဘောလုံးပြိုင်ပွဲ ကျင်းပမည်

မြိတ် ၂၆ မတ် 


နိုင်ငံကျော်အနုပညာရှင်များ ပါဝင်သော သဲသောင်ပြင်ဘောလုံးပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကမ်းနားလမ်းရှိ သဲကွင်း၌ မတ်လ ၃၀ နှင့် ၃၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 
“သဲသောင်ပြင်ဘောလုံးပြိုင်ပွဲဟာ ရုပ်ရှင်လောက၊ အနုပညာလောကသားတွေရဲ့ တစ်နှစ်တစ်ခါ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ပြိုင်ပွဲကို ငွေဆောင်မှာ နှစ်တိုင်းလုပ်ဖြစ်ပါတယ်။ ခြေလှမ်းသစ်အနေနဲ့ မြိတ်မြို့ကို ရွေးချယ်ခဲ့ပါတယ်။ မြိတ်မြို့ဟာ သာယာလှပတဲ့ဒေသဖြစ်ပြီး ကမ္ဘာမှာလည်း ကျွန်းစု အများဆုံးရှိပြီး သာယာလှပတဲ့သန္တာကျောက်တန်းတွေနဲ့ နာမည်ကျော်တဲ့ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း တွေဖွံ့ဖြိုးတဲ့ ဒေသဖြစ်တဲ့အတွက် အနုပညာရှင်တွေနဲ့ ပရိတ်သတ် တစ်နှစ်တစ်ခါ ထိတွေ့ကြတဲ့အချိန်မှာ မြိတ်မြို့ဟာ အကောင်းဆုံးဖြစ်တယ်လို့ ယူဆထားပါတယ်” ဟု ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မင်းထက် က ပြောသည်။

 

1


သဲသောင်ပြင်ဘောလုံးပြိုင်ပွဲကို အနုပညာရှင်အသင်းများဖြစ်တဲ့ Actor Star FC အသင်း၊ Music & Actor FC အသင်း၊ Joker FC အသင်းတို့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားကြမှာဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ပထမဆုအဖြစ် ငွေကျပ် သိန်း(၂၀)၊ ဒုတိယဆုအဖြစ် ငွေကျပ် (၁၅)သိန်းနှင့် တတိယဆုအဖြစ် ငွေကျပ် (၁၀) သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း၊ ဆုပေးပွဲအပြီးတွင် အနုပညာရှင်ညွန့်ပေါင်းအသင်းနှင့် မြိတ် FC အသင်းတို့ ချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

 

1


ပြိုင်ပွဲမစတင်မီ အနုပညာရှင်များက ပရိသတ်များအား တေးဂီတဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကို Main Sponsor အဖြစ် Seaview Condo မှ တာဝန်ယူ ဆောင်ရွက်ပေးပြီး ဘောလုံးပြိုင်ပွဲကို  SEAVIEW CONDO အနီး MYEIK FC ဘောလုံးကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာ ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

1