မြိတ်မြို့မှ ကဏန်းမဲ တင်ပို့ရောင်းချမှုဈေးကွက် ကိုဗစ်-၁၉ မဖြစ်ခင်ကာလကထက် ဈေးနှုန်းများ ထက်ဝက်ခန့်ကျဆင်း 

မြိတ်    ၁၄   မေ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ကဏန်းမဲတင်ပို့ရောင်းချမှုဈေးကွက်သည် ကိုဗစ်-၁၉ မဖြစ်ခင်ကာလကထက် ဈေးနှုန်းများ ထက်ဝက်ခန့်ကျဆင်းလျက်ရှိကြောင်း ကဏန်းမဲ တင်ပို့ရောင်းချသူများထံမှ သိရသည်။

 

“တရုတ်ပြည်မှာ ကိုဗစ်-၁၉ စဖြစ်တာနဲ့ အဝယ်ရပ်လိုက်တာ  ဒီဘက်မှာ ဈေးက ချက်ချင်းပြုတ်ကျသွားတယ်။ ပြီးတော့ ယိုးဒယားမှာ ဝယ်တာအကန့်အသတ်ဖြစ်သွားတယ်။ အရင်တစ်ပိဿာပျှမ်းမျှ (၁၀ဝ၀ဝ) ကျော်ရှိတာ အခု (၆၀ဝ၀)ကျော်ဆိုတော့ ထက်ဝက်ပြုတ်ကျသွားတယ်။ အကြီးဆုံးဂရမ်(၃၀ဝ)ဆိုရင် (၂၅၀ဝ၀)လောက်ဖြစ်ခဲ့ပြီး အခု ကျွန်တော်တို့ဝယ်ဈေးက(၉၀ဝ၀)ရှိပါတယ်” ဟု ကဏန်းမဲအဝယ်ဒိုင်  ဦးလှဌေးက ပြောသည်။

 

ကဏန်းမဲ ဈေးကွက်တွင် ဆိုဒ်(၄)မျိုးရှိပြီး လက်ရှိအချိန်တွင် (၃၀ဝ)ဂရမ်အထက်ကို ယခင်က (၂၅၀ဝ၀) ကျပ်၊ ယခု(၉၀ဝ၀)ကျပ်၊ (၂၀ဝ)ဂရမ်အထက်ကို ယခင်က(၂၀ဝ၀ဝ)ကျပ်၊ ယခု(၈၀ဝ၀)ကျပ်၊ (၂၀ဝ)ဂရမ် အောက်ကို ယခင်က(၁၅၀ဝ၀)ကျပ်၊ ယခု(၇၀ဝ၀)ကျပ်ဝန်းကျင်ခန့်၊ (၁၀ဝ)ဂရမ်အောက်ကို (၆၅၀ဝ)ကျပ် ဝန်းကျင်ခန့်ရှိသည်။

 

မြိတ်မြို့မှ ကဏန်းမဲ တင်ပို့ရောင်းချမှုဈေးကွက်အနေဖြင့် တရုတ်ဈေးကွက်နှင့် ထိုင်းဈေးကွက်ကို တင်ပို့ ရောင်းချလျက်ရှိပြီး တရုတ်ဈေးကွက်ကို ရန်ကုန်မှတစ်ဆင့် တင်ပို့လျက်ရှိကာ ထိုင်းဈေးကွက်ကို မောတောင်-ပရာကျွတ် နယ်စပ်ပိတ်ထားသဖြင့် ကော့သောင်းမှတစ်ဆင့် ရနောင်းသို့ ပို့ဆောင်လျက်ရှိကြသည်။ ကဏန်းမဲကို ရန်ကုန်ပို့ဆောင်ရာတွင် ကဏန်းအရှင်ကို ကုန်တင်ကားဖြင့် ပို့ဆောင်ရာ ပြည်ထောင်စုလမ်းမကြီး၌ ညပိုင်း အချိန်တွင်ပေးဖြတ်သဖြင့် အဆင်ပြေမှုရှိသော်လည်း ကော့သောင်းလမ်းတွင် ည(၁၀)နာရီနောက်ပိုင်း မပေးဖြတ်သဖြင့် ကဏန်းမဲတင်ပို့ရောင်းချသူများမှ အခက်အခဲများဖြစ်နေကြကြောင်း သိရသည်။

 

“တစ်ဖက်နိုင်ငံက ပြန်ဝယ်နေလို့ နည်းနည်းပြန်ဝယ်တာပါ။ သူတို့မှာလည်းသွားလာ ပြန်အဆင်ပြေပြီ ဆိုတော့ အစကသူတို့ Lockdown ချထားတယ်လို့ပြောတယ်။ အခုမှနည်းနည်းပြန်အဆင်ပြေတယ်။ စားသောက်ဆိုင်တွေလည်းတစ်ဆိုင်မှာ စားပွဲခုံတစ်လုံးမှာ(၂)ယောက် ပေးထိုင်တယ်။ အခုလက်ရှိသွားရတဲ့ခရီးပဲ ပင်ပန်းနေတယ်။ ရနောင်းကမ်းကို(၁၂)နာရီထိုးရင်ကူးလို့မရတော့ဘူး။ တစ်နေ့မှာ တစ်စင်းပဲပေးကူးတယ်။ ဈေးကွက် အနေ အထားက ထိုင်းဈေးကွက်ကိုပဲ အဓိက ပို့ပေးတယ်” ဟု ကဏန်းမဲအဝယ်ဒိုင်  ဦးအေးလွင်က ပြောသည်။

 

လက်ရှိအချိန်၌ ကဏန်းမဲ အဝယ်ဒိုင်များသို့ လာရောက်ရောင်းချသူများမှ စားဝတ်နေရေး အခြေအနေကြောင့် ဈေးနှုန်းများကျဆင်းနေသော်လည်း ရသည့်ဈေးနှင့်လာရောက် ရောင်းချလျက်ရှိကြကြောင်း၊ ဈေးကွက်တွင် ကဏန်းမဲတစ်ပိဿာ (၅၀ဝ၀)ခန့်ဈေးကျချိန်၌ လာရောက်ရောင်းချကြပြီး ဈေးထပ်ကျတော့ လာရောက် ရောင်းချကြခြင်းမရှိဘဲ ဈေးတက်မှ ပြန်ရောင်းကြမည်ဟုဆိုကြ၍ ဈေးထပ်မံကျတော့ လာရောက်ရောင်းချသူများမှ စားဝတ်နေရေး အခြေအနေကြောင့် ရသည့်ဈေးနှင့်လာရောက် ရောင်းချလျက်ရှိကြကြောင်း ကဏန်းမဲ တင်ပို့ ရောင်းချသူများထံမှ သိရသည်။

 

မြိတ်မြို့တွင် ကဏန်းမဲ အဝယ်ဒိုင်ကြီး(၄)ဒိုင်နှင့် ဒိုင်ငယ်(၁၀)ကျော်ရှိပြီး ကဏန်းမဲများကို မြိတ်၊ ကျွန်းစု၊ ပုလော၊ ပင်လယ်ပိုင်းနှင့် ကြိမ်နီတောင်၊ ကြိမ်မဲတောင်မှ မြိတ်မြို့တွင်လာရောက် ရောင်းချလျက်ရှိကြပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ဈေးကောင်းရချိန်၌  ဘုတ်ပြင်း၊ ကော့သောင်းဘက်မှလည်း လာရောက်ရောင်းချလျက်ရှိကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)