မော်လိုက် ၂၀ ဖေဖေါ်ဝါရီ             

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများအတွက် သစ္စာစီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ် (၉၈၇၄) ကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း(၁၁၇၁)ခု ပေးအပ်ပွဲကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက မော်လိုက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စုံညီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က မော်လိုက်ခရိုင်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့မှုအခြေအနေနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား၏ အရေးပါပုံများ၊ အကျိုးကျေးဇူးများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ထားသည့် နိုင်ငံသားအက်ဥပဒေဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက် ပေးနိုင်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၈၇၄)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၁၁၇၁)စု တို့ကို ပေးအပ်ခဲ့ကြရာ ဆရာ၊ ဆရာမများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့ကြသည်။

 

မော်လိုက်ခရိုင်အတွင်း သစ္စာစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး ရာတွင် မော်လိုက်မြို့နယ်တွင် စာသင်ကျောင်း(၂၆)ကျောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု(၁၁)အုပ်စုမှ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၅၆၈)ကတ်၊ အိမ်ထောင်စုလူဦးရေ စာရင်း(၂၁၃)ခု၊ ဖောင်းပြင်မြို့နယ်တွင် စာသင်ကျောင်း(၃၀) ၊ ရပ်ကွက်/ကျေးရွာ အုပ်စု (၁၄)အုပ်စုမှ ကျောင်းသား/သူများနှင့်ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(၆၃၀၆)ကတ်၊ အိမ်ထောင်စုလူဦးရေ စာရင်း(၉၅၈)ခု စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား(၉၈၇၄)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၁၁၇၁)ခုတို့ကို ထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် ပြည်သူများအနေဖြင့် မိမိခရိုင်/မြို့နယ်အတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်မှုအခြေအနေကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရေးအတွက် အခုကဲ့သို့ ခရိုင်အဆင့် နိုင်ငံသားစိစစ်ကတ်ပြား ပေးအပ်ပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးသန့်ဇင် ပြောကြားချက်အရ သိရသည်။

 

မော်လိုက်သားလေး