မာလီ  ဇူလိုင်   ၁၉

မော်လ်ဒိုက်နိုင်ငံ  ဖူဗာမူလာမြို့၌ နိုင်ငံ၏  ပထမဆုံး   ငါးမန်းသုတေသနစင်တာကို   ဖွင့်လှစ်လိုက်ကြောင်း  နိုင်ငံပိုင်မီဒီယာဖြစ်သည့် PSM News က ဇူလိုင် ၁၈ ရက်တွင် ဖော်ပြသည်။

အဆိုပါစင်တာတွင် ငါးမန်းများနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဏ္ဏဝါသက်ရှိများဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ သိပ္ပံပညာရှင်များ၊ သဘာဝထိန်းသိမ်းရေးပညာရှင်များနှင့် ဒေသခံအသိုင်းအဝိုင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားမည်ဖြစ်ကြောင်း PSM News က ဖော်ပြသည်။

ထို့ပြင် ဖူဗာမူလာမြို့ကို ကမ္ဘာ့ထိပ်တန်း ငါးမန်းရေငုပ်ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် ဒေသခံအာဏာပိုင်များနှင့် ရေငုပ်စင်တာများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါမြို့သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပသည့် အာရှ၏ အကြီးဆုံးရေငုပ်ပြပွဲ၌ အကောင်းဆုံး ငါးမန်းရေငုပ်ခရီးစဉ်ဆုကို ရရှိခဲ့သည်။

မော်လ်ဒိုက်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းငါးမန်းအခြေပြု ရေငုပ်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့်  နိုင်ငံများအနက် တစ်နိုင်ငံအဖြစ်  သတ်မှတ်ခံထားရသည်။

ဆင်ဟွာ