ရန်ကုန် ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက် သင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က (ဃ) ရပ်ကွက် သုဓမ္မာ လမ်းမကြီး ဥက္ကလာသီရိ ပန်းခြံရှေ့ ဥက္ကလာရင်ခွင်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက နှစ်သစ်ကူးအမှာစကား ပြောကြားပြီး မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ သည်။
ထို့နောက် မြန်မာ့ရိုးရာယဉ်ကျေးမှုယိမ်းအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေကြပြီး တာဝန်ရှိသူများက အတာရေဖြင့် ယိမ်းအဖွဲ့များနှင့် ပရိသတ်များအား ရေပက်ဖျန်း၍ လမ်းလျှောက် သင်္ကြန်အတွင်း လှည့်လည်ကြည့်ရှုအားပေးကာ ပြည်သူများနှင့်အတူ တပျော်တပါး ပါဝင်ဆင်နွှဲ ခဲ့ကြကာ တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ဆက်လက် ဖျော်ဖြေကြသည်။ မဟာသင်္ကြန်ကာလအတွင်း ဥက္ကလာရင်ခွင် မဏ္ဍပ်အတွင်း စတုဒိသာ ကျွေးမွေးခြင်းနှင့် ဥက္ကလာသီရိပန်းခြံ လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများက တပျော်တပါး ဆင်နွှဲကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)


