မြောက်ကိုရီးယားနိုင်ငံ၌ တစ်ရက်အတွင်း ဖျားနာရောဂါလက္ခဏာရှိသူ နှစ်သိန်းခြောက်သောင်းကျော် ထပ်မံတွေ့ရှိ

မေ ၁၉

 

မြောက်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူ နှစ်သိန်းခြောက်သောင်းကျော်တွေ့ရှိခဲ့သည်ဟု သိရသည်။

 

ယမန်နေ့က ဖျားနာရောဂါဖြစ်ပွားသူဦးရေ ၂၆၂၂၀၀ ခန့်တွေ့ရှိခဲ့ပြီး ထိုရောဂါဖြစ်ပွားမှုကြောင့် တစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း အတည်ပြုထုတ်ပြန်ထားကြောင်း အာဏာရအလုပ်သမားပါတီ၏ ရိုဒေါင်ဆင်မန်သတင်းစာက ယနေ့တွင် ဖော်ပြထားသည်။

 

နိုင်ငံအတွင်း မေလ ၁၄ ရက်က ကိုဗစ်ရောဂါပထမဆုံးစတင်ကူးစက်ကြောင်း သတင်းထုတ်ပြန်ပြီးချိန်မှစ၍ နေ့စဉ်ဖျားနာသူဦးရေ ၂၀၀၀၀၀ မှ ၃၀၀၀၀၀ အထိရှိသည်ဟု အတည်ပြုထားသည်။

 

ဧပြီလနှောင်းပိုင်းမှစတင်ကာ အဖျားရောဂါလက္ခဏာတွေ့ရှိသူ  ၁ ဒသမ ၉၇၈ သန်းခန့်ရှိပြီး ထိုဖျားနာမှုကြောင့် သေဆုံးသူ ၆၃ ဦး ရှိသည်ဟု သိရသည်။

 

ဖျားနာသူများကိုသီးခြားခွဲထားရန် နိုင်ငံတစ်ဝန်းတွင် ဆေးရုံများဆောက်လုပ်ထားသော်လည်း လူအများအပြားမှာ နေအိမ်မှာပင်သီးခြားခွဲနေထိုင်ခဲ့ကြသည်။

 

နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်ညံ့ဖျင်းမှုနှင့် ကိုဗစ်ရောဂါကာကွယ်ဆေးလိုအပ်မှုတို့ကြောင့် ဖျားနာသူများ ပိုမိုများပြားလာမည်ကို စိုးရိမ်မှုများရှိနေကြသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို