မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီ ၁၄ ရက်တွင် ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ဂျပန် ပြောကြား

တိုကျို ဇန်နဝါရီ ၁၇

 

မြောက်ကိုရီးယားနိုင်ငံသည် ဇန်နဝါရီ ၁၄ ရက်တွင် ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားသည်။ အဆိုပါဒုံးကျည်နှစ်စင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ပစ်လွှတ်ခဲ့သည့် ဒုံးကျည်အမျိုးအစားဖြစ်မည်ဟု ယုံကြည်ရကြောင်းလည်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ။

 

အဆိုပါဒုံးကျည်များကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် မြောက်ကိုရီးယားနိုင်ငံ မြောက်ပိုင်းဒေသမှ အရှေ့ဘက်သို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။ ယင်းဒုံးကျည်များသည် အမြင့် ကီလိုမီတာ ၅၀ ခန့်အထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်ပြင်ပ မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းအနီး ကျရောက်ဖွယ်ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားသည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုများနှင့် စပ်လျဉ်း၍ လိုအပ်သော သတင်းအချက်အလက်များ စုဆောင်းခြင်းနှင့် စောင့်ကြည့်ရေး လုပ်ငန်းများကိုလုပ်ဆောင်ရန် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများနှင့်အတူ နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အကောင်းဆုံး ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။ ။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်