မြစ်သား ၁၄ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ အသက်အရွယ်ကြီးရင့်သူများအနေဖြင့် ကြိုတင် ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်ကြေညာသည့် ရုံးအမိန့်အမှတ်(၂၁၀/၂၀၂၀)အရ မြစ်သားမြို့နယ်အတွင်းနေထိုင်ကြသည့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့် မဲရုံသို့ ကိုယ်တိုင်လာရောက်ဆန္ဒမဲမပေးနိုင်သော အခြေအနေ ရှိပါက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ ကြိုတင် ဆန္ဒမဲပေးရန်နှင့် ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန်အခက်အခဲ ရှိပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ သတင်းပေးပို့လျှင် နေအိမ်တွင် ကြိုတင် ဆန္ဒမဲပေးနိုင်ရေးကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးမှ ပြောသည်။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် အသက် ၆၀ နှစ်နှင့် အထက်ရှိသူ မဲဆန္ဒရှင်များအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

ဆုမွန်(ပြန်/ဆက်)