မြစ်ကြီးနား၊   ၃၀   ဒီဇင်ဘာ                 

                       

ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင် တရားရေးဦးစီးဌာနနှင့် မြစ်ကြီးနားမြို့နယ်တရားရေးဦးစီးဌာနတို့ရှိ ဌာနတွင်း တရားရေး ဝန်ထမ်းများအား လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်ခြင်းကို ဒီဇင်ဘာ ၂၉ ရက်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက် ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။

 

ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက ဌာနတွင်းတရားရေးဝန်ထမ်းများ ဆောင်ရွက်ရသည့် လုပ်ငန်းကဏ္ဍအလိုက် စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး သင်တန်းတက်ရောက်မည့် နည်းပြတာဝန်ထမ်းဆောင်မည့်သူများ၏ ဆွေးနွေး ပို့ချချက်များအား ဌာနတွင်းဝန်ထမ်းများက စိတ်ပါဝင်စားစွာ လေ့လာနာယူမှတ်သားကြရေး အထူး လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းတွင် ကချင်ပြည်နယ် တရားလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရူပဝင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအုန်းမြင့်နှင့် တာဝန်ရှိသူတို့က တရားရေးဝန်ထမ်းများ လုပ်ကိုင် ဆောင်ရွက်ရသည့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များ၊ တရားမမှုနှင့် သက်ဆိုင်သည့် လုပ်ငန်းကိစ္စရပ်များ၊ ရုံးလုပ်ငန်းနှင့် ငွေစာရင်းဆိုင်ရာ ဘာသာရပ်တို့အား ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ ပြည်နယ်ခရိုင်နှင့် မြို့နယ်အဆင့် တရားရေးဝန်ထမ်း (၂၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)